မိုင်းရူပ၊ ဇွန်လ ၂၂ ရက်၊ မူဆယ်
နမ့်ခမ်းနဲ့ မူဆယ်မြို့ကြားရှိ စစ်ဆေးရေးဂိတ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က တအာင်းလူငယ် ၅ ဦးကို ဖမ်းဆီးထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်မှာ နမ့်ခမ်းနဲ့ မူဆယ်ကြား တိန်လုံကျေးရွာမှာရှိတဲ့ SSPP တပ်ဖွဲ့ဝင်တွေက တအာင်းလူငယ် ၅ ဦးကို ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။
“တိန်လုံရွာမှာ SSPP ဂိတ် ရှိတယ်။ အဲမှာက ရှမ်းစကားတတ်ရင် အကုန်ဖမ်းတယ်။ တအာင်းလူငယ် ၅ ဦးက သူတို့နဲ့ ရှမ်းစကားပြောလို့ ဖမ်းခံရတာ။ သူတို့တပ်သားလုပ်ဖို့ ဖမ်းတာ” လို့ ဖြစ်စဉ်ကို သိရှိထားသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မန်နိမ်းရွာက အောင်ရီနဲ့ မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှာ နေထိုင်တဲ့ တအာင်းအမျိုးသားတစ်ဦးပါဝင်ပြီး ကျန် ၃ ဦးရဲ့ အချက်အလက်ကိုတော့ ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
တအာင်းလူငယ် ၅ ဦးကို SSPP တပ်ဘက်က ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး တုန့်ပြန်ချက်ရဖို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ကို ရွှေဖီမြေက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်မှာလည်း မူဆယ်မြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကို SSPP က ရှမ်းမြောက် သီပေါမြို့နယ်ဘက် ဖမ်းဆီးခေါ်ဆောင်သွားပြီး သိန်း ၃၀၀ နဲ့ ပြန်ရွေးခိုင်းတဲ့ဖြစ်စဉ် ဖြစ်ခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။