လွေးထွေး၊ ဇန်နဝါရီ ၄ ရက်၊ လားရှိုး
စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ဗုံးပေါက်ကွဲမှုထပ်ဖြစ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၄ နာရီ ဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက် ၁ နာမးခေါ်အရပ်ဘက်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
၎င်းဗုံးပေါက်ကွဲတဲ့နေရာနဲ့အနီးမှာရှိတဲ့ လွတ်လပ်ရေးပန်းခြံထဲ စစ်ကောင်စီတပ်အပြင် ဌာနဆိုင်ရာတွေကလည်း ရောက်ရှိနေကြပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ အလံလွှင့်တင်ဖို့ ပြင်ဆင်နေကြတာလို့လည်း ဆိုပါတယ်။
ရပ်ကွက် ၁ နေ အမျိုးသမီးက “ဗုံးသံဘဲကြားလိုက်တယ်။ စစ်ကျန်လား၊ ထောင်ဗုံးလားတော့ မသိရပါဘူး။ မနက်က စကစကတော့ အဲအနီးတဝိုက် လုံခြုံရေးချထားတာပေါ့” လို့ ပြောပါတယ်။
၎င်းဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရတာနဲ့ ပျက်စီးတာမရှိကြောင်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။
လက်ရှိသတင်းရေးသားချိန်အထိ စစ်ကောင်စီတပ်က မြို့တွင်းက နေရာတချို့နဲ့မြို့အဝင်အထွက်မှာ စစ်ဆေးတာတွေလုပ်နေကြောင်း ဆိုပါတယ်။
အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကလည်း လားရှိုးမြို့ ရပ်ကွက် ၅၊ ရပ်ကွက် ၂ ၊ ရပ်ကွက် ၁၂ စတဲ့နေရာ ၃ ခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။