ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ပန်ဆန်း
ရှမ်းမြောက် စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲတဲ့နေ့မှာပဲ ကိုးကန့်တပ် – MNDAA အထူးကိုယ်စားလှယ်အဖွဲ့က “ဝ” ပြည် ပန်ဆန်းမြို့မှာ “ဝ” တပ် – UWSA နဲ့ တွေ့ဆုံခဲ့တယ်လို့ “ဝ” လူငယ့်အသံ သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ MNTJP/MNDAA ရဲ့ အတွင်းရေးမှူးနဲ့ ပြင်ပဆက်ဆံရေးဌာန ကြီးကြပ်ရေးမှူး ဗိုလ်မှူးချုပ်ပေါင်ခွန်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေက UWSP/UWSA ဗဟိုကော်မတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ ဆိုပါတယ်။
UWSA နဲ့ နီးစပ်သူတစ်ဦးက “တွေ့ကြတာ ဟုတ်တယ်။ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ တွေ့ကြတယ်။ ၆ ရက်နေ့ မွန်းလွဲမှာ ရောက်လာတယ်။ ၇ ရက်နေ့မှ ဆွေးနွေးကြတာပေါ့” လို့ ရွှေဖီမြေကို ပြောပါတယ်။
ကိုးကန့်နဲ့ “ဝ” တပ်ဖွဲ့တို့အကြား ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးလည်းဆိုတာ ဖော်ပြထားခြင်းမရှိပေမဲ့ အဲဒီတွေ့ဆုံမှုဟာ ညီအစ်ကို မိတ်ဖက်တပ်ဖွဲ့ နှစ်ဖွဲ့ကြား ရင်းနှီးဆက်ဆံမှု ပိုမိုခိုင်မှာအောင် တရုတ်နှစ်သစ်ကူးမတိုင်ခင် အပြန်အလှန် အလည်အပတ်သွားရောက်ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းတို့ နှစ်ဖွဲ့တွေ့ဆုံတဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာပဲ လားရှိုးမြို့ ရက်ကွက် ၁၁ နယ်မြေ ၉ ထဲမှာ ရှော့တိုက်ဒုံး ၂ လုံး ကျရောက်ခဲ့ပြီး အဲနောက်မှာပဲ လားရှိုးမြို့အတွင်းမှာ စစ်ကောင်စီတပ်ဖက်က စစ်အင်အားတွေ ဖြည့်တင်းလျက်ရှိသလို ကိုးကန့်ဖက်လည်း မြို့ပတ်လည်မှာ အင်အားတိုးချဲ့ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။