မိုင်းအရှိုင်း၊ မတ်လ ၁၉ ရက်၊ မန္တလေး
မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ တအာင်းတပ် – TNLA၊ ရခိုင်တပ် – AA နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် – MDY PDF တို့ တပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၆ဦး ကျော် လက်နက်ချအလင်းဝင်ခဲ့ဆိုပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက “မမှန်ကန်ပါ။ TNLA တပ်ဖွဲ့ဝင်တွေ ဆောင်ရွက်ခြင်း မရှိပါ” လို့ ရွှေဖီမြေကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဝါဒဖြန့်ရာမှာ အသုံးပြုဖော်ပြခဲ့တဲ့ ရုပ်ပုံထဲက TNLA ယူနီဖောင်းဟာ “တိမ်ပင်လယ်ခရီးကြမ်း” ဇာတ်ကားရိုက်ကူးတဲ့နေရာမှာ အသုံးပြုကြတဲ့ ယူနီဖောင်းပြောက်ကျားဖြစ်တာကို တွေ့ရှိရပါတယ်။
ဓနုတပ် – DPLA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းထွန်းနိုင်ကလည်း “အတုဖြစ်ရုံသာမကဘူး။ တပ်မိသားစုက သားသမီးတွေနှင့် ဘော်ဒါဆွဲစစ်မှုထမ်းခေါ်ထားတဲ့ သူတွေ။အတင်းအဓမ္မစစ်မှုထမ်းခေါ်တဲ့အထဲ နောင်ချိုမြို့နယ်က အများစုပါနေကြတာတွေ့ရတယ်” လို့ဆိုပါတယ်။
စစ်ကောင်စီ ဖော်ပြခဲ့တဲ့အချက်အလက်တွေကတော့ လက်နက် ၁၀၀ ခန့်၊ ခဲယမ်း ၁ ထောင်ကျော်၊ အလင်းဝင်သူ အမျိုးသမီး ၅၃ ဦးနဲ့ အမျိုးသား ၄၅၃ ဦးတို့ဖြစ်ကြပြီး အလယ်ပိုင်းတိုင်စစ်ဌာနချုပ် ဗိုလ်မှူးချုပ် အောင်ဌေးတို့က ၎င်းတို့ကို ကြိုဆိုကြတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။