ဝတ်မှုံ၊ မတ်လ ၁၇ ရက်၊ မုံးကိုး
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် မုံးကိုးမြို့မှာ သုံးရက်အတွင်း တအာင်းတပ်မတော်ရဲ့ တပ်သား ၉ ဦးကို ကိုးကန့်တပ်က ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကနေ မတ်လ ၁၆ ရက်အထိ နမ်ဝါရွာက ၅ ဦး၊ ရှောက်ရွှေကျင်ရွာက ၂ ဦး၊ ပန်စီတိုင်းရွာက ၁ ဦးနဲ့ နမ့်ဟာရွာက ၁ ဦး စုစုပေါင်း ၉ ဦး ဖမ်းဆီးခံရတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
“ရွာမှာနေတဲ့တစ်ယောက် ပို့ပေးလိုက်ရတယ်။ စာရင်းက သူတို့သိနေတော့ မပေးမရတာနဲ့ ပေးလိုက်ရတာ။ ၁၅ ရက်နေ့ နေ့လယ်ပိုင်း နမ့်ဝါမှာ MNDAA တပ် ရောက်လာပြီး အစည်းအဝေး ခေါ်တယ်။ အဲမှာ ၄ ယောက် ဖမ်းမိတယ်။ ဒီနေ့ ထပ်လာတယ် တစ်ယောက် ထပ်ဖမ်းသွားတယ်”
လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ TNLA တပ်သားတွေနဲ့ တွေ့ခွင့်မပေးဘဲ ၎င်းတို့ကို ဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် TNLA တပ်ထဲ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်အများစုလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ မုံးကိုးမြို့မှာရှိတဲ့ တအာင်းရွာမှ ရွာသူကြီးတွေကို MNDAA တပ်က အစည်းအဝေး ခေါ်ယူပြီး ရွာထဲ TNLA ထံ တာဝန်ထမ်းဆောင်သူတွေရဲ့စာရင်း တောင်းခဲ့ပြီး အဲဒီစာရင်းတွေကနေတဆင့် လိုက်လံ ဖမ်းဆီးနေတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။