လွေးထွေး၊ ဇွန်လ ၂၂ ရက်၊ မူဆယ်
တရုတ်ဘက်ကနေ မြန်မာဘက်အထွက်ဖြစ်တဲ့ မူဆယ်မြို့ ဆင်ဖြူပေါက်အနီးရှိ ရဲတပ်ဖွဲ့က ပစ္စည်းသယ်သူတွေဆီကကနေ ကျပ် ၃ ထောင်ကနေ ၁ သောင်းကြား ဆက်လက် ကောက်ခံနေတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ငွေ ကောက်တာဟာ ဇွန်လ ပထမအပတ်ကစပြီး တွန်းလှည်းနဲ့ ပစ္စည်းထုတ်လာသူတွေကို ကျပ် ၃ ထောင် ကောက်ပြီး ဆိုင်ကယ်နဲ့ ထုတ်လာသူတွေကိုတော့ ၅ ထောင်ကနေ ၁ သောင်းကြား ရဲတွေက ကောက်ခံနေတာပဲ ဖြစ်ပါတယ်။
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက “လူထုတွေရဲ့ ချွေးနဲစာလေးနဲ့ ရလာတဲ့ငွေ ၁ သောင်းကျော်လေးကို ရဲတွေက လိုက်တောင်းနေတော့ ကိုယ့်အတွက်က ဘာမှမကျန်တော့ဘူးလေ။ ပိုက်ဆံ တောင်းတဲ့အပြင် သူတို့က လူကို ဟိန်းလား ဟောက်လား လုပ်သေးတယ်။ အဲလိုလုပ်ရပ်ကို အထက်က မသိတာလား သိသိရဲ့သားနဲ့ ခွင့်ပြုထားတာလား” လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ လူထုတွေဆီကနေ ငွေသာ တောင်းပြီး အဲဒီအနီးမှာ ရပ်နားထားတဲ့ ဆိုင်ကယ်ကိုတော့ တာဝန်ယူ ကြည့်ရှုပေးတာမရှိဘဲ မကြာခဏ ဆိုင်ကယ် ပျောက်နေတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားနေပါတယ်။
၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး မူဆယ်မြို့ရှိ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပြီးတဲ့နောက် နယ်စပ်ဂိတ်က တာဝန်ရှိသူနဲ့ရဲက လူထုတွေဆီကနေ နည်းမျိုးစုံနဲ့ မကြာခဏ ငွေညစ်နေတာကြောင့် အခက်အခဲ ကြုံနေရကြောင်း လူထုတွေက ရွှေဖီမြေကို ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။