နော်ဂျား၊ ဇွန်လ ၁၄ ရက်၊ မူဆယ်
တရုတ်-မြန်မာနယ်စပ် နှစ်နိုင်ငံဝင်ထွက်ပေါက်ဖြစ်တဲ့ ဆင်ဖြူဂိတ်မှာ တရုတ်ဖက်ဝင်မယ့် အိမ်စီးကားတစ်စီးကို မကဖ (၅)၊ CUSTOM၊ SB၊ CID နဲ့ နယ်ရဲ စတဲ့အဖွဲ့စုံက သတင်းအရ ရှာဖွေစစ်ဆေးခဲ့ရာ ၃၀၀ ကီလိုရှိတဲ့ ကျောက်စိမ်းတွေကို ဖမ်းမိခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။
အဖွဲ့စုံက ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်မှာ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး ဖမ်းမိတဲ့ ကျောက်စိမ်းကီလို ၃၀၀ ထဲမှာ ၅၀ ကီလိုကိုသာ နိုင်ငံတော်ထံ အပ်နှံပြီး ကျန် ၂၅၀ ကီလိုကိုတော့ ၎င်းတို့ ခွဲဝေယူလိုက်ကြောင်း ရဲသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
လက်ရှိမှာ ကျောက်သယ်ခဲ့တဲ့ကားနဲ ကားမောင်းသူကို လွတ်ပေးမယ်လို့ ပြောဆိုပြီး ပိုင်ရှင်မဲ့အဖြစ် အမှုဖွင့်မှာဖြစ်ကြောင်း ကီလို (၅၀) သာ တရားရုံး တင်မဲ့ကိစ္စကို ရေငုံနူတ်ပိတ်နေပေးဖို့ ညှိနှိုင်းခဲ့ကြောင်း ပိုင်ရှင် (၅) ဦးထဲမှ ပိုင်ရှင်တစ်ဦးက အခုလို ပြောပါတယ်။
“ဖမ်းမိတဲ့ (၃၀၀) ထဲမှာ ကျနော့်ပစ္စည်းက ကီလို ၁၀၀ ကျော် ရှိတယ်။ ဒါကို သူတို့က ကားနဲ့ ဒရိုင်ဘာကို လွတ်ပေးမယ်။ ပစ္စည်းတော့ ပြန်မရဘူး ပြောလာတယ်။ တရုတ်ထဲဝင်မယ်ဆိုရင် အဲအဖွဲ့စုံကို သူတို့သတ်မှတ်တဲ့ နူန်းတားအတိုင်း ပေးပြီးမှ ဝင်တာပဲ။ ဖြစ်တာက မြန်မာဂိတ်ကို ဖြတ်ပြီးပြီ တရုတ်ဖက်က ပြန်လှည့်ခိုင်းလို့။ အလှည့်မှာ အဲ့အဖွဲ့စုံက မဖမ်းလို့မရလို့ ဖမ်းလိုက်တာ”
ဆင်ဖြူဂိတ်မှာရှိတဲ့ အဲဒီအဖွဲ့စုံဟာ ကျောက်စိမ်း၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်း၊ ဆေးဝါးနဲ့ တန်ဘိုးကြီးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကားတိုင်းကို ဂိတ်ဧရိယာအတွင်း ဖမ်းဆီးကာ ငွေအဆမတန် တောင်းသလို သူတို့တောင်းတဲ့ ငွေပမာဏ မပေးနိုင်ရင် ပစ္စည်းသိမ်းတာ၊ လူဖမ်းတာတွေထိပါ လုပ်ဆောင်ကြောင်း သိရပါတယ်။
“ကျနော်တို့က ငွေပေါင်အာမခံထားပြီး သယ်ပေးတဲ့ ကားသမားတွေပါ။ ပိုင်ရှင်က အဲအဖွဲ့စုံ သတ်မှတ်ထားတဲ့နူန်းတားအတိုင်း ငွေပေးထားပေမဲ့ သူတို့ဖမ်းချင်တဲ့အခါ ဖမ်းပြီး ငွေတောင်းတယ်။ ငွေများလွန်းလို့ ပိုင်ရှင်ဖက်က မပေးတဲ့အခါ ကျနော်တို့ ကားဆရာတွေကိုပဲ ဖမ်းပြီး တရားစွဲတယ်။ လူလွတ်ပြီး ပစ္စည်သိမ်းရင်လည်း ကျနော်တို့ပဲ လျော်ပေးရတာဆိုတော့ လုပ်စားရတာ မလွယ်ပါဘူး”ဆိုပြီး ကားသမားတစ်ဦးက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။