မိုင်းပန်ပျော်၊ ဇူလိုင် ၃ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့မှာ တအာင်းတပ်မတော်-TNLAနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှာ လာခိုလှုံတဲ့ စစ်ဘေးရှောင် လူဦးရေ ၁၇၆၀ ဦးအထိရှိလာခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့သူတွေဆီက သိရှိရပါတယ်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် နောင်ချိုမြို့ကနေလာတဲ့ စစ်ဘေးရှောင်တွေဟာ လူဦးရေ ထောင်ဂဏန်းရှိနေတာကြောင့် ကူညီပေးနေတဲ့သူတွေက နေရာထိုင်ခင်းပြေလည်ဖို့ ဆောင်ရွက်ပေးနိုင်ခဲ့ပေမယ့် စားနပ်ရိက္ခာကိုတော့ အခက်အခဲကြုံတွေ့နေရပြီး အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“နောင်ပိန်မှာ စစ်ဘေးရှောင်တွေက ၂၀၀၀ ဝန်းကျင်လောက်ရှိတယ်။ လူဦးရေက ထောင်ဂဏန်းရှိနေတဲ့အတွက်ကြောင့် လောလောဆယ် ကျနော်တို့က နေစရာဘဲပေးနိုင်ပါသေးတယ်။ အခုလက်ရှိအဓိကလိုအပ်ချက်တော့ အစားအသောက်တွေလိုအပ်ပါတယ်”
နောင်ပိန်တိုက်နယ်ဝန်းကျင်မှာရှိတဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ လာရောက်ခိုလှုံကြတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၈၀၀ နီးပါး လူဦးရေ ၁၇၆၀ ဦးတို့ဟာ နောင်ချိုမြို့ပေါ်က ဒေသခံတွေအပါအဝင် ကံကြီးကျေးရွာအုပ်စု မဲပုတ်ရွာ နောင်လင်ရွာစတဲ့ကျေးရွာက ဒေသခံတွေ ဖြစ်တယ်လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။
တအာင်းတပ်မတော်-TNLAနဲ့ စစ်ကောင်စီတပ်တို့ဟာ ဒီနေ့ ဇူလိုင် ၄ ရက်အထိ နောင်ချိုမြို့နယ် နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနဲ့ လုံရဲကြား အုမ္မသီးနဲ့ ဆမ္မဆယ်တို့ကြားမှာ တိုက်ပွဲတွေဆက်လက်ပြင်ထန်နေတယ်လို့ PSLF/TNLA ကထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်တာတွေ လေကြောင်းနဲ့ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။