လွေးထွေး၊ ဇွန်လ ၁၅ ရက်၊ လားရှိုး
ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့အနီးရှိ ဟိုပိတ်ရွာဈေးမှာ ကားစီးလာတဲ့ သူခိုး ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဟိုပိတ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ ဇွန်လ ၁၅ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ လားရှိုးဟိုပိတ်ဈေးထဲ ကားစီးလာတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကို MNDAA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဟိုပိတ်ရွာနေ အမျိုးသမီးက “လက်ထိပ်ခတ်ပြီး ခေါ်သွားတာဘဲ တွေ့တယ်။ အဲလူတွေက ဈေးထဲ ရပ်ကွက်ထဲ ပတ်ခိုးနေတယ်လို့ ပြောတာဘဲ” လို့ ပြောပါတယ်။
၎င်းသူခိုးတွေဟာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ထဲမှာလည်း ပစ္စည်းတွေ ခိုးယူခဲ့ကြောင်း MNDAA က စစ်ဆေးမေးမြန်းချိန် ဝန်ခံခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ဟိုပိတ်ဟာ ကိုးကန့်တပ် ထိန်းချုပ်ထားပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကနေ ဆိုင်ကယ်နဲ့ ၁၀ မိနစ်ခန့်သာ သွားလာရတဲ့နေရာ ဖြစ်ပြီးတော့ မြို့ထဲမှာလည်း စစ်တပ် ဝင်လာပြီးနောက် ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု ၂၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
အလားတူ ဇွန်လ ၁၂ ရက်ကလည်း လားရှိုး မန်ဆူကျောင်းအနီးက ဖုန်းဆိုင်တစ်ခုမှာ သေနတ် ကိုင်ဆောင်ထားတဲ့လူတစ်စုက ဓားပြတိုက်ခဲ့သလို ရပ်ကွက် ၁ ကြံ့ခိုင်ရေးရုံးအနီးမှာလည်း အဖိုးအိုတစ်ဦးကို သေနတ်သမား ၂ ဦးက ဓားပြတိုက်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။