ပို့လဘား၊ ဇွန်လ ၁၂ ရက်၊ နောင်ချို
တိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ယူဆောင်သွားတာတွေ ပြုလုပ်နေတယ်လို့ ဖြစ်စဉ်သိရှိသူတွေ ပြောပြချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ပထမအပတ်မှာ နောင်ချိုမြို့နယ် လက်ပံကုန်းကျေးရွာ၊ ကံကြီးကျေးရွာ၊ ရေဖြူကျေးရွာ၊ ရွှေမုဌောရွာတွေကို စစ်ကောင်စီတပ်က ရောက်ရှိလာပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးတဲ့အပြင် ဒေသခံရဲ့ပစ္စည်းတွေကိုလည်း ယူသွားခဲ့တာရှိတယ်လို့ ဆိုပါတယ်။
“စကစဝင်ပီးသား ရွာမှန်သမျှ ဖျက်ဆီးခံရပါတယ်။ အိမ်ဖျက်ဆီးတာထက် ပစ္စည်းတွေကို အဓိကယူတာပါ။ လက်ပံကုန်းရွာမှာ သူတို့တစ်ရက်ပဲဝင်တာ ဒေသခံတွေရဲ့ ပစ္စည်း တစ်ရွာလုံးနီးပါး ပါသွားတယ်”လို့ ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ နောင်ချိုကို ပြန်လည်ထိန်းချုပ်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။
နောင်ချိုမြို့အနီးက ကံကြီးကျေးရွာထဲမှာ စစ်ကောင်စီတပ် ရောက်ရှိလာပြီးနောက် နောင်ချိုမြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် မြို့ထဲမှာ မနေရဲကြတော့ဘဲ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
နောင်ချိုမြို့နယ်ထဲက ကံကြီးကျေးရွာအပြင် တခြားရွာဖြစ်တဲ့ နောင်လင်ရွာ၊ သရက်ကုန်း၊ ရေဖြူ၊ လောက်ဖန်း၊ ညောင်ပင်သာ၊ မဲပုတ်၊ နောင်ချိုကြီး၊ ရေမောင်းတန်း၊ ညောင်နီ၊ သုံးဆယ်၊ တောင်ရှည်၊ မျက်ချီးနု၊ သပြေရေ၊နားရှိုး၊ ရွှေမုဠော၊ မန်မော်၊ အင်းဖို၊ တောင်လှ၊ တောင်ခမ်း၊ လက်ပံကုန်း၊ လွယ်ခေါ်၊ ပိန္နဲကုန်း၊ နောင်အော၊ ညဏ်တော၊ လုံခံ၊ နမ့်ဆောင်ဟူးနဲ့ ပါဟတ်ကျေးရွာအပါအဝင် နောင်ချိုမြို့ပေါ်က ဒေသခံ စုစုပေါင်း ၁၀၁၄ ဦး ကျောက်မဲမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။