ယာရူစိင်၊ ဇွန်လ ၁၉ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့မှာ ဓားပြတစ်ဦးကို ဒေသခံတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထပ်မံဖမ်းဆီးရမိထားတယ်လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇွန်လ ၁၈ ရက် ညနေ ၅ နာရီ လားရှိုးမြို့ ရပ်ကွက် ၄ ဆင်ဆွယ်လမ်း လမ်းသွယ် ၄ မှာ ကတ်ကြေးနဲ့ ခြိမ်းခြောက်ပြီး အမျိုးသမီးတစ်ဦးထံ ဖုန်းလုနေတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေက ဝိုင်းဝန်းပြီး ထပ်မံ ဖမ်းဆီးရမိထားတာ ဖြစ်ပါတယ်။
“အသံတွေ ဆူညံတော့ ကြည့်လိုက်တာ။ အဲယောကျာ်းက ကတ်ကြေးလဲကိုင်ထားတယ်။ လွယ်အိတ်တစ်လုံးနဲ့ သူ့မိန်းမနဲ့ ရန်ဖြစ်သလိုလိုနဲ့ အော်နေတာ။ အဲယောကျာ်း ပြောတာတော့ မင်းလိုက်မလာနဲ့တဲ့။ လိုက်လာရင် ကတ်ကြေးနဲ့ ထိုးသတ်ပစ်မယ်ဆိုပြီးတော့ ပြောတာ။ သူတို့နှစ်ယောက် လင်မယားတွေ မဟုတ်မှန်းသိတော့ အဲအမျိုးသားနောက်ကို ကျနော် လိုက်တာပေါ့”
အဲဒီဓားပြကို လားရှိုး ရပ်ကွက် ၃ ရွှေကိန္နရီ ဟိုတယ်အနီးမှာ ဖမ်းဆီးမိပြီးမှ ဌာနဆိုင်ရာတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကလဲ လားရှိုးမြို့ ရပ်ကွက် ၃ မှာရှိတဲ့ အကင်စုံဆိုင်နားမှာ ဆိုင်ကယ်ခိုးတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ပါတယ်။
မေလ ၁၂ ရက်လဲ ရပ်ကွက် ၁ ရှိ နေအိမ်တစ်အိမ်ကို အမျိုးသား ၃ ဦးက ဖောက်ဝင်ဖို့လုပ်နေချိန်မှာ အိမ်နီးချင်းတစ်ဦးက တွေ့တာကြောင့် ဒေသခံတွေ ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ ၂ ဦးက ထွက်ပြေးလွှတ်မြောက်ကာ ၁ ဦးကိုတော့ ဖမ်းဆီးရမိထားဖူးပါတယ်။
လားရှိုးမြို့ကို စစ်တပ်က ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဒီနေ့ ဇွန်လ ၁၉ ရက်အထိ ဓားပြတိုက်မှု၊ ဓားခုတ်မှုနဲ့ လုယက်မှု ၂၆ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ပေမယ့် စစ်ကောင်စီတပ်ကတော့ အဲသူခိုး၊သူဓားပြတွေကို လိုက်လံဖမ်းဆီးတာမျိုး မရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။