ရွှေဖီမြေ၊ မေလ ၁၂ ရက်၊ ပင်းတယ
ရှမ်းတောင် ဓနုဒေသ ပင်းတယမြို့မှာ အုတ်တံတိုင်း ပြိုကျလို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးက ဒဏ်ရာ ရခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိပြီး ကူညီပေးတဲ့ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ မေလ ၁၂ ရက် မနက်ပိုင်းက ပင်းတယမြို့ ဈေးတန်းရပ်ကွက် ခရေလမ်းမှာ ဈေးရောင်းနေတဲ့ ရေဖြူကျောက်တောရွာမှ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီး ၂ ဦးဟာ အုတ်တံတိုင်း ပြိုကျရာကနေ တစ်ဦးက သေဆုံးသွားခဲ့ပါတယ်။
ကူညီပေးသူ အမျိုးသားက “ဈေးရောင်းနေတဲ့အချိန် ပြိုကျတာပါ။ မိုးတွေ ဆက်တိုက် ရွာနေတော့ အုတ်တံတိုင်းက ပြိုကျတာ။ သူ့နောက်စိ ထိသွားလို့ သေတာ” လို့ ပြောပါတယ်။
ဒါ့အပြင် ဒဏ်ရာရသူ အမျိုးသမီးကိုလည်း ပရဟိတအသင်းတွေက ပင်းတယ ပြည်သူ့ဆေးရုံသို့ ပို့ထားပြီး ကုသမှု ခံယူနေကြောင်း ၎င်းက ဆက်ပြောပါတယ်။
ဒီရက်ပိုင်းထဲ မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် မြေနိမ့်ပိုင်းဒေသနဲ့ တောင်စောင်းတွေမှာ နေထိုင်ကြတဲ့ လူထုတွေ ဂရုတစိုက် နေထိုင်ဖို့နဲ့ အရေးပေါ် ပြောင်းရွေ့နေထိုင်ကြဖို့ အထက်ပါအမျိုးသားက ဆိုပါတယ်။
ရှမ်းတောင်၊ ရှမ်းအရှေ့အပါအဝင် ရှမ်းမြောက်နဲ့ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်မှာလည်း မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်ပွားနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။