ပို့လဘား၊ ဇူလိုင် ၂၆ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး အချက်ပေါင်းများစွာ ဓားခုတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အဲဒီအမျိုးသမီးဟာ ဒီနေ့ ဇူလိုင်လ ၂၆ ရက် မနက် ၉ နာရီဝန်းကျင်မှာ မူဆယ်မြို့ တောင်ပေါ်ဘုရားအနားမှာပဲ ပိုက်ဆံအိတ် လုခံရပြီး ဓားနဲ့ အခုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
“ဓားခုတ်ခံရတာ အချက်ပေါင်းမနည်းဘူး။ လုတဲ့သူကိုတော့ မဖမ်းမိဘူး။ အဲနေရာက စစ်တပ်တွေရှိနေတဲ့ နေရာကို မမိဘူးဆိုတော့ စဉ်းစားစရာပါပဲ”လို့ မူဆယ်မြို့နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူ အမျိုးသမီးဟာ အသက် ၄၀ ရှိပြီး အမျိုးသားဖြစ်သူက အဲဒီတောင်ပေါ်ဘုရားမှာ အလှူငွေ ကောက်ခံနေသူလည်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့ ဇူလိုင်လ ၂၅ ရက် မနက်ပိုင်းမှာလည်း မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်ဘက်မှာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီးတစ်ဦးကို ကားစီးလာတဲ့ အမျိုးသား ၃ ဦးက ဆိုင်ကယ်ပေါ်ကနေ ဆွဲချပြီး ပြန်ပေးဆွဲသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ လူသတ်မှု၊ ဓားပြတိုက်မှု၊ လုယက်မှုနဲ့ ခိုးမှု စတဲ့ဒုစရိုက်မှုတွေ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကလည်း မူဆယ်မြို့ ဟူမွန်ရပ်ကွက် ပီတိလက်ဖက်ရည်ဆိုင်ရှေ့က လမ်းမပေါ်မှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး၂ ဦးတို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီး၂ ဦး သေဆုံးသွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။