ပို့လဘား၊ ဧပြီ ၂၃ ရက်၊ မူဆယ်
တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ အမျိုးသမီးတစ်ဦး ဓားပြ ထပ်တိုက်ခံရပြီး လုယက်မှုတွေလည်း ဆိုးဆိုးရွားရွား ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်မှာ ဆိုင်ကယ် စီးလာတဲ့ အမျိုးသမီးတစ်ဦးကို အိမ်စီးကား စီးလာတဲ့ အမျိုးသားအုပ်စုက ဓားပြ တိုက်သွားခဲ့တယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ကြည့်ရတာ အဲဒီအမျိုးသမီးကို သူတို့က ခြိမ်းခြောက်ပုံရတယ်။ ဖုန်းနဲ့ဆိုင်ကယ်ကိုတော့ ယူသွားခဲ့တယ်။ လိုက်လုနေတဲ့သူတွေက အဲလိုကားနဲ့ပဲ စီးလာပြီး ဓားပြ တိုက်နေကြတာ။ ကြည့်ရတာ သူတို့တစ်ဖွဲ့တည်းပဲထင်တယ် “
မူဆယ်မြို့မှာ လူသတ်မှု၊ ဓားပြတိုက်မှု၊ လုယက်မှုနဲ့ ပြန်ပေးဆွဲမှု မကြာခဏ ဖြစ်ပွားခဲ့ပေမဲ့ ဘယ်အမှုကိုမှ သက်ဆိုင်ရာက အရေးယူနိုင်တာ မရှိဘူးလို့ နောက်ထပ် အမျိုးသားတစ်ဦးက ပြောပါတယ်။
“မူဆယ်မှာတော့ အဲလိုမျိုးတွေ မကြာခဏ ကြုံနေရတာပဲ။ သူတို့ကို ထိထိရောက်ရောက် အရေးယူမှု မရှိဘူးလေ။ ဒီအတိုင်းပဲ အဆင်ပြေအောင် နေရတာ။ မျက်မြင်နဲ့ ကြုံနေရတာလည်း ရှိတယ်။ ကျနော်တို့ရှေ့မှာလည်း ဖုန်းတွေ လုနေတာ ကြုံနေရတယ်”
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်ကလည်း မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်မှာ ဆိုင်ကယ် မောင်းလာတဲ့ အမျိုးသားတစ်ဦးကို ကားမောင်းလာတဲ့ အမျိုးသားသုံးဦးက ဆိုင်ကယ်ပေါ်ကနေ ဆွဲချပြီး ပြန်ပေးဆွဲခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မူဆယ်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်း အရင်ကထက် များလာပြီး ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုလည်း မကြာခဏ ဖြစ်ပွားနေတဲ့ နယ်စပ်မြို့ ဖြစ်ပါတယ်။