မိုင်းရူပ၊ မတ်လ ၂၈ ရက်၊ နောင်ချို
နိုင်ငံတဝန်း ငလျင်ဘေးဒဏ် ခံနေရချိန် တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် နောင်လင်ရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ နောင်လင်ရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်အများစု ပျက်စီးခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။
“နောင်လင်ရွာကို ဂျက်နဲ့ လာကြဲတာ။ အရပ်သားတွေတော့ ထိတာ မရှိဘူး။ အိမ်တွေပဲ အများကြီး ပျက်သွားတယ်” လို့ နောင်ချိုဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နောင်ချိုမြို့ကို TNLA ထိန်းချုပ်ပြီးနောက် စစ်တပ်ဟာ ဗုံးကြဲတိုက်ခိုက်မှု မကြာခဏ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၆ ရက် ည ၆ နာရီခွဲခန့်မှာ စစ်တပ်က နောင်ချိုမြို့နယ် အုမ္မခါး၊ သုံးဆယ်နဲ့ ရွှေညောင်ပင်ရွာကို ဂျက်ဖိုက်တာ ၂ စီး အသုံးပြုပြီး ဗုံး ၅ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ရာ သုံးဆယ်ရွာက အမျိုသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးပြီး အုမ္မခါးရွာမှ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဒါ့အပြင် မတ်လ ၁၆ ရက်မှာလည်း နောင်ချိုမြို့ပေါ်ရှိ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင်အပါအဝင် သေဆုံးသူ ၁၀ ဦးနဲ့ ဒဏ်ရာရသူ ၁၈ ဦး ရှိခဲ့ပါတယ်။
နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ အုမ္မတီးရွာမှာတော့ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။