ယာရူစိင်၊ နိုဝင်ဘာ ၂၅ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၁ လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၅ ရက်မှာ မူဆယ်မြို့ မင်္ဂလာမူဆယ်ရှိ သဲထုတ်ရုံးအနီးမှာ သေဆုံးနေတဲ့ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားအလောင်း တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
“ခန့်မှန်းချေအရ သေဆုံးတာက မနေ့ကပဲ ဖြစ်မယ်။ အဲဒီ သဲထုတ်တဲ့ ရုံးအနားမှာပဲ တွေ့တာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အလောင်းကို မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းနဲ့ လက်ဖက်ညွန့် လူမှုကူညီရေးအသင်းတို့က ပူပေါင်းပြီး သွားရောက်သယ်ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မူဆယ်မြို့မှာ မူးယစ်ဆေးဝါး သုံးစွဲရင်း လမ်းဘေးမှာ သေဆုံးသွားတဲ့ ပိုင်ရှင်မဲ့ အလောင်းတွေ မကြာခဏ တွေ့ရှိရတဲ့မြို့လည်း ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့မှာ အရင်ကထက် မူးယစ်ဆေးဝါးနဲ့ လောင်းကစားဝိုင်း ပိုများလာပြီး ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုလည်း မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။