ပို့လဘား၊ စက်တင်ဘာ ၃၀ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲမြို့ အေးချမ်းသာသုဿန်ကုန်းမှာ အမျိုးသားနှစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖြစ်စဥ်ဟာ မနေ့ စက်တင်ဘာ ၂၉ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရပ်အနီးရှိ အေးချမ်းသာသုဿန်မှာ ဦးပလောင်ဆိုသူဟာ အရိုးပြာသွားသွန်တဲ့အချိန်မှာ မိုင်းတိုက်မိပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သုဿာန်စောင့်နေတဲ့တစ်ယောက် သူအရိုးပြာတွေ သွားသွန်တဲ့အချိန်မှာ ထောင်ထားတဲ့မိုင်းတွေ သူတိုက်မိတာ။ အဲနားမှာပဲ သေဆုံးသွားတယ်။ သူတိုက်မိပြီး နောက်ထပ်ကလေးတစ်ယောက်လည်း ထပ်တိုက်သေးတယ်” လို့ ပြောပါတယ်။
အလားတူ အေးချမ်းသာသုဿာန်နားမှာ နွားကျောင်းနေတဲ့ အသက် ၁၄ နှစ်အရွယ်ရှိတဲ့ မောင်အိုက်လော့ဆိုသူကလည်း မနေ့ စက်တင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ နွားကျောင်းရာကနေ မိုင်းတိုက်မိပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်ကလည်း ကျောက်မဲမြို့နယ် နောင်ပြစ်နဲ့ ပါမလုပ်ရွာက ဒေသခံ အမျိုးသားနှစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ကလေး၂ ဦးအပါအဝင် ၁၁ ဦးသေဆုံးပြီး ကလေး ၆ ဦးအပါအဝင် ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။