လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၁၂ ရက်၊ လားရှိုး
တိုက်ပွဲတွေကြောင့် လားရှိုးမြို့ထဲကို စစ်ရှောင်သွားကြတဲ့ ရှမ်းမြောက် ကျောက်မဲက ဒေသခံတစ်ဦးနဲ့ သီပေါက ဒေသခံတစ်ဦး အချိန်မှီ ဆေးမကုသနိုင်တာကြောင့် သေဆုံးသွားခဲ့ရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
သီပေါကနေ စစ်ရှောင်လာတဲ့ အသက် ၁၃ နှစ်ရှိပြီဖြစ်တဲ့ နန်းစိန်မညွန့် ဆိုသူဟာ အဖျားတက်ပြီး အချိန်မှီ ဆေးမကုသနိုင်တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁ဝ ရက်က လားရှိုးပြည်သူ့ ဆေးရုံမှာပဲ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ရှိသူ တစ်ဦးက “နေမကောင်းလို့ ဆေးရုံလာတက်တာ။ စစ်ရှောင်လာတာ မကြာသေးဘူး။ တစ်ပတ်လောက်ဘဲ ရှိသေးတယ်။ ဆေးရုံလာတက်တာလည်း သူများဘဲ လာပို့တာ။ သေဆုံးတဲ့အကြောင်းရင်းက အချိန်မမှီတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ နန်းစိန်ညွန့်ဆိုသူဟာ မိဘ၊ ဆွေမျိုးသားချင်းတွေလည်း မရှိတော့ဘူးလို့ သိရပါတယ်။
အလားတူ ကျောက်မဲကနေ စစ်ရှောင်တဲ့ အသက် ၈၈ နှစ် ရှိပြီဖြစ်တဲ့ နိုင်းခင်လှဆိုသူလည်း ကျန်းမားရေးအခြေနေတွေကြောင့် မနေ့ အောက်တိုဘာ ၁၁ ရက်မှာ ဇာတိဖြစ်တဲ့ ကျောက်မဲကို ပြန်သွားစဉ် လားရှိုးအထွက်နားမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ နိုင်းခင်လှနဲ့ နန်းစိန်ညွန့်တို့ နှစ်ဦးကို လားရှိုးက လူမှုကူညီရေးအသင်းတွေက ကြာကန်သုဿာန်မှာ သွားရောက်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။