ပို့လဘား၊ စက်တင်ဘာ ၂၂ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာနဲ့ ပါမလုပ်ကျေးရွာမှာ နေထိုင်တဲ့ ဒေသခံအမျိုးသားနှစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၂၁ ရက် နေ့လယ် ၃ နာရီခွဲမှာ အဲဒီအမျိုးသားနှစ်ဦးက နေအိမ်မှာကျန်ရှိနေတဲ့ ပစ္စည်းတွေကို ပြန်ယူတဲ့အချိန်မှာ မိုင်းနင်းမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဆိုင်ကယ်နဲ့ အိမ်မှာကျန်တဲ့မြေသြဇာတွေ သူတို့နှစ်ယောက်ပြန်ယူတာ။ ရွာနဲ့ ၃ ဖာလုံလောက်ဝေးတဲ့စစ်ပွဲ ဖြစ်ခဲ့တဲ့နေရာလမ်းမပေါ်မှာ နင်းမိတာ။ ၃ နာရီကျော်ကမိုင်းကွဲသံကြားတယ်။ ည၆နာရီလောက်က စစ်ရှောင်တဲ့နေရာကို ပြန်မရောက်လို့ လိုက်သွားတာ အဲမှာ အလောင်းပဲတွေ့တော့တယ်” လို့ ပြောပါတယ်။
အဆိုပါ မိုင်းနင်းမိပြီး သေဆုံးသွားသူနှစ်ဦးဟာ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စိုင်းသောကြာဟာ နောင်ပစ်ဒေသခံဖြစ်ပြီး အသက် ၄၅ နှစ် စိုင်းမိုးဖြစ်သူဟာ ပါမလုပ်ရွာက ဒေသခံဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီကလည်း နောင်ပြစ်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်သွားခဲ့ပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇူလိုင်လအထိ ၇ လအတွင်း မြေမြှုပ်မိုင်းတွေကြောင့် ကလေး ၂ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး နောက်ထပ်ကလေး ၅ ဦးအပါအဝင် ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။