လွေးထွေး၊ နိုဝင်ဘာ ၁၂ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့က ရွှေဆိုင်တစ်ခုထဲ သေနတ်ကိုင်ထားတဲ့ အမျိုးသား ၂ ဦးက ဓားပြဝင်တိုက်လို့ ရွှေတွေ ပါသွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁၂ ရက် မနက် ၉ နာရီဝန်းကျင်မှာ ပြင်ဦးလွင်မြို့လယ် နာရီစင်အနီးက အောင်စံပယ်ရွှေဆိုင်ကို အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ဦးက ဓားပြ တိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
သတင်းအရင်းအမြစ်တစ်ဦးက “သေနတ်ပစ်သံ သုံးလေးချက် ကြားတယ်။ ရွှေဆိုင်မှာ ဝင်ပစ်တာလို့ အစက မသိရဘူး။ ဝင်ပစ်လို့ လုံခြုံရေးတစ်ယောက် သေတယ်လို့ ပြောတယ်။ ဓားပြတစ်ယောက်ကတော့ ထွက်ပြေးသွားတယ်။ နောက်တစ်ယောက်ကိုတော့ ဖမ်းမိတယ် ပြောတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ မြို့အဝင်အထွက်နဲ့ လမ်းကြားတွေမှာ သက်ဆိုင်ရာက စစ်ဆေးနေပြီး ထွက်ပြေးလွတ်မြောက်သွားသူက ယူဆောင်သွားတဲ့ရွှေတွေ ဘယ်လောက် ရှိတယ်ဆိုတာတော့ မသိရဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယအပတ်ကလည်း ပြင်ဦးလွင် နာရီစင်အနီးက ရွှေဆိုင်တစ်ခုကို အမျိုးသားတစ်စုက ဝင်ရောက် လုယက်တာ ဖြစ်ပွားခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။