ယာရူစိင်၊ မတ်လ ၁ ရက်၊ နောင်ချို
ရှမ်းမြောက် နောင်ချိုမြို့နယ် သုံးဆယ်ရွာဘက်လာတဲ့ ကားသမားနှစ်ဦး ရက် ၂၀ ကြာ ပျောက်ဆုံးနေကြောင်း မိသားစုဝင်က ရွှေဖီမြေကို ပြောပါတယ်။
အသက် ၅၄ နှစ်အရွယ် ဦးခင်မောင်ဝင်းနဲ့ ၂၆ နှစ်အရွယ် ကားသမား သက်နိုင်ထွန်းတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က အလုပ်တွဲလုပ်ဖို့အတွက် ခက်ချန်ရွာကနေ သုံးဆယ်ရွာဘက် လူ သွားခေါ်ရာကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက် ည ၇ နာရီကျော်မှာ အဆက်အသွယ် ရခဲ့ပေမဲ့ ဖေဖော်ဝါရီ ၁၅ ရက် နောက်ပိုင်းကစပြီး ဒီနေ့ မတ်လ ၁ ရက်အထိ အဆက်အသွယ် ပြတ်တောက်ခဲ့တာပဲ ဖြစ်ပါတယ်။
မိသားစုဝင်တစ်ဦးက “၁၄ ရက်နေ့ နောင်ချိုကို ရောက်ပြီဖြစ်ကြောင်း ဖုန်းရပါတယ်။ အဲနောက် အခုထိ ဘာအဆက်အသွယ်မှ မရတော့တာပါ။ လူသွားခေါ်တဲ့ သုံးဆယ်ရွာကိုလည်း မရောက်ပါဘူး။ လမ်းမှာ ဘယ်လိုအခြေအနေ ရှိနေလဲဆိုတာ မသိရတာမို့ပါ။ တိုက်ပွဲကြား ထိခိုက်ပျက်စီးမှုထဲလဲ မတွေ့ရတော့ ပူပန်နေရလို့ပါ” လို့ ပြောပါတယ်။
လက်ရှိမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအရှုပ်အထွေးကြောင့် ဦးခင်မောင်ဝင်းနဲ့ သက်နိုင်ထွန်းတို့ကို တွေ့ရှိသူတွေအနေနဲ့ မိသားစုထံ ဆက်သွယ်အကြောင်းကြားပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။