မိုင်းရူပ၊ သြဂုတ် ၂၈ ရက်၊ လားရှိုး
၁၀၂၇ စစ်ဆင်ရေးအတွင်း မိုင်းခွဲဖျက်ဆီးခံရတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှောင်လမ်းက တံတားမှာ မနေ့ သြဂုတ် ၂၇ ရက် ညပိုင်းကစပြီး ဖြတ်သန်းသွားလာလို့ ရပြီဖြစ်ကြောင်း ကားသမားတွေဆီက သိရပါတယ်။
“တံတားက ပြင်လို့ပြီးပြီ။ မနေ့ညကစပြီး ပေးဖြတ်တာ။ ကားကြီးရော ကားသေးရော ပေးဖြတ်ပြီ” လို့ လားရှိုး မြို့ရှောင်တံတားမှာ ဖြတ်သန်းသွားလာတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုး မြို့သိမ်းတိုက်ပွဲအတွင်း မြို့ရှောင်လမ်းက အဲဒီတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး မြို့သိမ်းတိုက်ပွဲပြီးတဲ့နောက်မှာတော့ ယာယီဖြတ်သန်းခွင့်ရဖို့ ကိုးကန့်တပ်ဘက်က ယာယီတံတား ပြုလုပ်ပေးထားကာ ယာယီ တံတားလည်း ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်မှာ ကျိုးကျပျက်စီးခဲ့ပါတယ်။
ကျိုးကျပျက်စီးသွားတဲ့ ယာယီတံတားကို ကိုးကန့်တပ်ဘက်က ပြန်မပြင်တော့ဘဲ မိုင်းခွဲခံရတဲ့ တံတားကိုသာ ပြန်ပြင်ခဲ့ပြီး ၁၀ ရက်အကြာမှာ ပြန်လည် ဖြတ်သန်းခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိ လားရှိုးမြို့ကို စစ်တပ်ဘက်က ပြန်ထိန်းချုပ်ထားပြီး လုံခြုံရေး စိုးရိမ်ချက်ကြောင့် လားရှိုးမြို့ပြင်လမ်းကိုသာ ကားသမားတချို့ အဓိက အသုံးပြုကာ ဖြတ်သန်းသွားလာနေကြတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။