ပို့လဘား၊ အောက်တိုဘာ ၁၇ ရက်၊ နမ္မတူ
တအာင်းတပ်ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၇ ရက် မနက် ၈ နာရီကျော်မှာ နမ္မတူမြို့မှာရှိတဲ့ အ.ထ.က (၁) ကျောင်းအနားမှာ စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“အမျိုးသမီး ၃ ယောက်ထိတယ်။ သူတို့ ၃ လုံးလာချတာ။ အထက ၁မှာ တစ်လုံး။ အမျိုးသမီးတွေနေတဲ့နေရာမှာ ၁ လုံး။ မြို့ထဲမှာရောကျတယ်” လို့ပြောပါတယ်။
အလားတူ ဒီနေ့ အောက်တိုဘာ ၁၇ ရက် မနက် ၇ နာရီကျော်မှာ နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာမှာလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။
မနေ့ အောက်တိုဘာ ၁၆ ရက်မှာလည်း မိုးမိတ်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကစပြီး တအာင်းတပ် ထိန်းချုပ်ထားတဲ့ သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ မိုးမိတ်၊ မိုးကုတ်နဲ့ မန်တုံမြို့တွေကို လေယာဥ်နဲ့ နေ့စဥ်လိုလို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
၂ ပတ်ကျော်အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ TNLA ထိန်းချုပ်ဒေသမှာ သေဆုံးသူ ကလေး ၆ ဦးအပါအဝင် ၃၃ ဦးရှိပြီး ကလေး ၁၀ ဦးအပါအဝင် ၄၀ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။