ဓာတ်ပုံ – Local

သူတော်စိန်၊ မတ်လ ၈ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ကျားဖြန်ရုံအများအပြားကျန်ရှိနေပြီး စစ်ကောင်စီနဲ့သူ့ရဲ့လက်အောက်ခံအဖွဲ့တွေကို အခွန်ပေးဆောင်ပြီးဖွင့်လှစ်နေဆဲဖြစ်တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မူဆယ်မြို့မှာ ကျားဖြန်မဟုတ်တဲ့သူတွေ အိမ်ငှားနေရင် တစ်နှစ်ကိုသိန်း ၅၀ နဲ့ ၆၀ ကြားပဲရနေပေမယ့် တရုတ်ကျားဖြန်လုပ်ငန်းလုပ်ကိုင်သူတွေကို အိမ်ငှါးပေးရင် တစ်နှစ်ကို သိန်း ၁၀၀ ကျော်ရအထိရနေတယ်လို့ အိမ်ခန်းငှားပေးနေတဲ့အမျိုးသမီးတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

“တခြားသူကို ငှားရင် တစ်နှစ်စာ သိန်း ၅၀ ၆၀ လောက်ပဲရတာ။ ကျားဖြန်ကိုငှား‌ရင် သိန်း ၁၀၀ ၁၅၀ ရတော့ အန်တီတို့က သူတို့ကိုပဲ ငှားဖြစ်တော့တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုတော့ အသိပေးဖို့ လာငှားတဲ့ ပြည်သူ့စစ်ဗိုလ်ကြီးတွေကို ပြောရတယ်။ ရပ်ကွက်က ငှားဆိုလို့ အန်တီတို့က ငှားရတာ”

အခုလက်ရှိ ကျားဖြန်ရုံတွေက လူ ၂၅ ဦးနဲ့ ၅၀ ကြားရှိတဲ့ ကျားဖြန်တစ်ရုံကို သိန်း ၂၀၀ နှုန်း လူ ၁၀၀ နဲ့ ၁၅၀ ကြားဆိုရင် သိန်း ၃၀၀ စတဲ့လိုင်းကြေးတွေကို စစ်ကောင်စီလက်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲအရာရှိတွေဆီကို ပေးဆောင်ရတယ်လို့ ဖူလီလိုက်လမ်းကြားရှိ ကျားဖြန်ရုံတွေထံက စုံစမ်းသိရပါတယ်။

ဒါ့အပြင် ဂိမ်းဆိုင်နဲ့ ကျားဖြန်ရုံတွေက ရဲတွေဆီ လိုင်းကြေးပေးမပေးတာတွေရှိရင်လည်း အဲ့ဒီကျားဖြန်ရုံနဲ့ ဂိမ်းဆိုင်ကိုဖမ်းပြီး အမှုဖွင့်တာတွေလည်းရှိတယ်လို့ မြို့မရဲစခန်းနီးစပ်သူတစ်ဦးက ထပ်ပြောပါတယ်။

“ဒါကြီးပျောက်သွားရင် ရဲတွေ ဘာနဲ့စားမလဲ။ အထက်ကိုဘယ်လို ပြောမလဲ။ ကြည့်လိုက်လေ စွမ်စောရပ်ကွက်ထဲဆို ဂိမ်းရုံတွေ အများကြီး သူတို့မှမဖမ်းတာ။ လိုင်းကြေးမရတဲ့ရုံဆို အဖမ်းပြပြီး တင်ရတယ် အမှုအဖွင့်ပြရတယ်။ ကျားဖြန်က လိုင်းကြေးမပေးပဲ မနေရဲဘူး။ သူတို့က သိန်းကိုသောင်းနဲ့ချီပြီး ရင်နှီးထားရတာ။ တာဝန်ခံပြည်သူ့စစ်တွေက မူးယစ်ဆေးနဲ့ ငွေတွေ ရထားတော့ ကျားဖြန်အတွက် ပေးနိုင်တယ်။ အရင်က ရုံတစ်ရုံကို ၂၅ ၃၀ လောက်ပဲရတာ။ ခုဆို သိန်းကို ရာနဲ့ချီရကြတာ”

မူဆယ်မြို့မှာ လုယက်မှု ဓါးပြတိုက်မှုနဲ့ လူပြန်ပေးဆွဲမှု နေ့တိုင်းလိုလို ဖြစ်ပွါးနေတာကို ရဲ‌‌တွေက တစ်မှုမှ ဖော်ထုတ်နိုင်ခြင်းမရှိဘဲ ရဲအရာရှိအားလုံး လောင်းကစား၊ ပြည့်တန်ဆာနဲ့ ကျားဖြန်ရုံတွေက လိုင်းကြေးကိုသာ အလေးထားပြီး အလုပ်လုပ်နေကြပြီး သာမန်ပြသနာတစ်စုံတစ်ခုဖြစ်လို့ အမှုသွားဖွင့်ရင် အမှုကိုမဖွင့်ပေးတော့ဘူးလို့ ဆိုပါတယ်။

လစဥ်လိုင်းကြေး သိန်းတစ်သောင်းနီးရနေတဲ့ စခန်းမှူး၊ နယ်ထိန်း၊ ပြည်နယ်ဒန၊ ခရိုင်ဒနနဲ့ မြို့နယ်မှူးတို့ စုပေါင်းထည့်ဝင်ထားတဲ့ သိန်း ၄၀၀ ကို ပြည်နယ်ရဲတပ်ဖွဲ့မှူးနဲ့ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးတို့ကို လစဥ် သိန်း ၂၀၀ စီ ပေးထားတဲ့အတွက် အရေးမယူခြင်းနဲ့ လူအပြောင်းအရွေ့ မလုပ်တာလို့ မူဆယ်ရဲတပ်ဖွဲ့ရဲ့ ဂါတ်စာရေးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။