လွေးဇွန်မိုး၊ ဩဂုတ် ၂၃ ရက်၊ ကျောက်မဲ
တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပိန်ရွာ ဘူတာရပ်ကွက် (၄) ထဲမှာ ကလေးငယ်အပါအဝင် ဒေသခံ ၆ ဦး ပိတ်မိနေပြီး အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးနဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားတို့ ပိတ်မိနေတယ်လို့ ၎င်းတို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အခုထိ ပိတ်မိနေတုန်းပဲ။ ကူညီလို့ရရင် ကူညီပေးပါအုံး။ ကလေးတွေ အရမ်းကြောက်နေကြလို့ပါ။ အိမ်ထဲမှာပဲ အပြင်မထွက်ရဲကြဘူး။ တိုက်ပွဲဖြစ်ပွားနေတုန်းပဲ”
ပိတ်မိနေသူတွေထဲမှာ ဒဏ်ရာရသူတွေလည်း ပါဝင်နေတာကြောင့် အရေးပေါ် ဆေးကုသနိုင်ဖို့ အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်ကစပြီး စစ်ကောင်စီ စစ်ကြောင်းဟာ နောင်ချိုမြို့နယ် ဂုတ်တွင်းဘက်ကနေ ရှမ်းတပ် SSPP အခြေချလှုပ်ရှားတဲ့ ထန်းတပင်ရွာဘက် လမ်းကြောင်းကနေ ထိုးစစ်ဆင်လာတာကြောင့် စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား တိုက်ပွဲအပြင်အထန်ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်မှာလည်း နောင်ပိန်ရွာထဲကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ TNLA တို့အကြားဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် နောင်ပိန်ကျေးရွာအပြင် ဇီးပင်၊ ပင်ပေါ၊ ပင်တိန်၊ ပင်တီး ၊ကျောင်းကုန်း၊ ဖီသစ်၊ ခေးနင်းနဲ့ လွယ်ကုန် စတဲ့ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။