မိုင်းရူပ၊ ဇူလိုင် ၃၀ ရက်၊ နောင်ချို
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်နေတဲ့ နောင်ချိုမြို့မှာ တအာင်းတပ်မတော် TNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး နေအိမ်တွေကို လိုက်လံချိတ်ပိတ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
နေအိမ်တွေကို လိုက်လံချိတ်ပိတ်နေသလို ဒေသခံတချို့ကိုလည်း တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးတာတွေ စစ်ကောင်စီတပ်က ပြုလုပ်နေတာ ဖြစ်ပါတယ်။
“နာမည်ထွက်တဲ့ အိမ် အကုန်လိုက်ပိတ်တယ်။ အိမ်လည်းပိတ် ဖမ်းလည်း ဖမ်းနေတယ်။ ကျမအသိတစ်ယောက်က TNLA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းခံရတာ။ အခုထိ ပြန်မလွှတ်သေးဘူး” လို့ ဖြစ်စဥ်သိရှိသူ နောင်ချိုဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာလည်း နောင်ချိုမြို့ပေါ်ရှိ TNLA နဲ့ PDF တွေနဲ့ ပတ်သက်မှုရှိတဲ့ အိမ်တွေကို လိုက်လံချိတ်ပိတ်နေကြောင်း ဖော်ပြနေကြပါတယ်။
စစ်ကောင်စီတပ် လိုက်လံချိတ်ပိတ်တဲ့အထဲမှာ နေအိမ်တွေအပြင် ရွှေဆိုင်တွေလည်း ပါဝင်ပြီး ချိတ်ပိတ်ခံရတဲ့ နေအိမ်အရေအတွက်ကိုတော့ မသိရသေးပါဘူး။
နောင်ချိုမြို့ပေါ်မှာ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးအပါအဝင် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ပြုလုပ်နေကြောင်း စစ်ကောင်စီဘက်က နေ့စဥ်လိုလို ဝါဒဖြန့် ထုတ်ပြန်နေသလို တစ်ဖက်မှာလည်း နေအိမ်တွေ ချိတ်ပိတ်တာ ဒေသခံတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ၁ နှစ်ကျော်အကြာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ စစ်ကောင်စီတပ်ထံ ပြန်လည်လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။