မိုင်းရူပ၊ ဧပြီ ၁ ရက်၊ မိုင်းလား
ငလျင်ဘေးဒဏ်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ အထူးဒေသ(၄)မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းကြောင်း မိုင်းလား တပ်မတော်- NDAA က မနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
သင်္ကြန်ပွဲတော်ကို ဧပြီ ၁၁ ရက်ကနေ ၁၇ ရက်အထိ ကျင်းပဖို့ စီစဥ်ထားပေမဲ့ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်မှုဖြစ်ပွားပြီး လူထောင်နဲ့ချီ သေဆုံးခဲ့ရပြီးနောက် ငလျင်ဘေးဒဏ်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။
သင်္ကြန်ပွဲတော်ဟာ ယဥ်ကျေးမှု အမွေအနှစ်ပွဲ ဖြစ်ပေမဲ့ ဒီကာလမှာ ငလျင်ဒဏ်သင့်တဲ့ လူထုတွေကို ကယ်ဆယ်ဖို့နဲ့ ပြန်လည်ထူထောင်ရေး လုပ်ဖို့ကိုသာ အာရုံစိုက်စေလိုတယ်လို့ NDAA က တိုက်တွန်းထားပါတယ်။
ကိုးကန့်တပ်မတော်- MNDAA ကလည်း အထူးဒေသ(၁)မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်ကို ငလျင်ဘေးဒဏ်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ ဖျက်သိမ်း ကြောင်း ထုတ်ပြန်ထားပါတယ်။
ငလျင် လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေက ငလျင်ဘေးဒဏ်သင့်တဲ့ လူထုတွေကို ကူညီနိုင်ဖို့ အလှူခံတာတွေ ပြုလုပ်နေပါတယ်။
မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီခန့်မှာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မနေ့ မတ်လ ၃၁ ရက်အထိ စစ်ကောင်စီရဲ့ စာရင်းအရ နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၂,၀၅၆ ဦးနဲ့ ဒဏ်ရာရသူ ၃,၉၀၀ ဦးရှိပြီး ပျောက်ဆုံးနေသူ ၃၀၀ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။