မိုင်းရူပ၊ သြဂုတ် ၁ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အနီးရှိ ပင်တိန်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ကျောင်းဆောင်အမိုး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၃၁ ရက် ည ၁၂ နာရီဝန်းကျင်မှာ နောင်ချိုမြို့နယ်ဘက်ကနေ စစ်ဘေးရှောင်တွေ တိမ်းရှောင်နေတဲ့ ပင်တိန်ကျေးရွာ ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ပင်တိန် ဘုန်တော်ကြီးကျောင်း စစ်ဘေးရှောင်နေတဲ့ နေရာကိုကျတယ်။ လူအထိအခိုက်မရှိဘူး။ ရွာခံတွေ ပြေးကုန်ပြီ။ အိမ်စောင့်လောက်ပဲကျန်တာ” လို့ ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ဘက်က လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် နောင်ပိန်နဲ့ ပင်တိန်ကျေးရွာခံ အားလုံးနီးပါး ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ရှောင်တွေဟာ တောင်ကြီး၊ လားရှိုးမြို့အပါအဝင် နီးစပ်ရာကျေးရွာတွေနဲ့ တောင်ယာတွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက် နေ့လည် ၂ နာရီခွဲက နောင်ပိန်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကိုရင်တစ်ပါး ပျံလွန်တော်မူပြီး ထိခိုက်ဒဏ်ရာရသူ ၅ ဦး ရှိခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် နေ့လည် ၁၂ ဝန်းကျင်မှာလည်း ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။