မိုင်းရူပ၊ သြဂုတ် ၁၉ ရက်၊ မူဆယ်
စစ်တပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ်-၁၀၅ မိုင်ကြား မူဆယ်မြို့အထွက်မှာရှိတဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ ငွေတောင်း ကြမ်းနေတယ်လို့ ကိုယ်တိုင် ပေးခဲ့ရတဲ့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း မူဆယ်မြို့အထွက် တိုးဂိတ်မှာရှိတဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ ကုန်ပစ္စည်းတင်တဲ့ ကားသမားတွေထံ ငွေတောင်း ကြမ်းနေတာဖြစ်ပြီး ကားအသေးတစ်စီးကို ၃ သိန်းအထိ ပေးခဲ့ရတယ်လို့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သူတို့ဆီ လာဘ်ထိုးထားတဲ့ ကားတွေဆို ဘာမှမမေးဘဲ ပေးဖြတ်တာ။ ကျန်တဲ့ကားတွေဆို ပစ္စည်းတင်ရင် ပိုက်ဆံ အများကြီး ပေးရတယ်။ ကျနော့်ကားက ကားသေးပဲ သုံးသိန်း ပေးခဲ့ရတယ်။ ဒီလိုပုံစံဆို ကျနော်တို့အတွက် အဆင်မပြေဘူး”
ဒါ့အပြင် မူဆယ်-၁၀၅ မိုင်ကြား မူဆယ်မြို့အဝင်မှာ ဖြတ်သန်းသွားလာသူတွေထဲက တအာင်းလူမျိုးကို စစ်တပ်ဘက်က စစ်ဆေးမှု ပိုတင်းကြပ်ပြီး ဖုန်းတွေကိုပါ စစ်ဆေးနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
မူဆယ်နဲ့ ၁၀၅ မိုင်ကြားမှာ မူဆယ်တိုးဂိတ်နဲ့ နမ့်ခုမ်းကျောင်းအနီးမှာ စစ်တပ် တပ်ဖွဲ့ဝင်တွေ တပ်စွဲထားပြီး ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးမှု တင်းကြပ်တာ၊ ငွေအဆမတန် တောင်းတာတွေ ပြုလုပ်နေတယ်လို့ ကားသမားတွေက ပြောပါတယ်။
မူဆယ်မြို့အနီးရှိ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိန်းချုပ်ထားပြီး မူဆယ်မြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။
ကားသမားတွေဟာ စစ်တပ်အပြင် တအာင်းတပ်- TNLA၊ ရှမ်းတပ်- SSPP၊ ကချင်တပ်- KIA နဲ့ ကိုးကန့်တပ်- MNDAA တွေကိုလည်း အခွန်ဆောင်နေရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။