မိုင်းရူပ၊ သြဂုတ် ၄ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၅၆ ဦးကို တရုတ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ စစ်တပ်ဘက်က မနေ့ သြဂုတ်လ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်ကနေ ၃၀ ရက်အထိ မူဆယ်မြို့နယ်အတွင်းက ကျားဖြန့်လုပ်ကိုင်သူတွေကို စစ်တပ်က ဖမ်းဆီးပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီတပ်က တရုတ်ဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတို့ နေထိုင်ခဲ့တဲ့ အဆောက်အဦး ၁၅ လုံး၊ ကွန်ပြူတာ အလုံး ၃၀ နဲ့ လက်ကိုင်ဖုန်းတွေအပါအဝင် တခြား ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီတပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မူဆယ်မြို့ပေါ်မှာ စစ်တပ်ဘက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးတာရှိပေမဲ့ ၎င်းတို့ထံ လိုင်းကြေးမပေးတဲ့ အဖွဲ့တွေကိုပဲ ဖမ်းဆီးတာဖြစ်ပြီး လက်ရှိမှာ မူဆယ်မြို့ပေါ်မှာ ကျားဖြန်လုပ်ငန်းတွေ အများအပြားဆက်ရှိနေတယ်လို့ မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အခွန်မပေးတဲ့ အဖွဲ့တွေကို လိုက်ဖမ်းနေတဲ့အချိန်မှာ သူတို့ဆီ အခွန်ပေးတဲ့အဖွဲ့တွေကို ခဏနားခိုင်းတာပေါ့။ အခု မူဆယ်မှာ ကျားဖြန်ဂိုဏ်းတွေ အများကြီး ရှိသေးတယ်” လို့ ဆိုပါတယ်။
မူဆယ်မြို့ရှိ ကျားဖြန့်ရုံတွေမှာ ရောင်းစားခံရတဲ့ တရုတ်နိုင်ငံသားတွေရှိနေပြီး ငွေမလိမ်နိုင်တဲ့ သူတွေကို ရိုက်နှက် နှိပ်စက်တာရှိတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မှာလည်း မူဆယ်မြို့ စွမ်စော်နဲ့ ကောင်းမှုတုန်ရပ်ကွက်ရှိ ကျားဖြန်ရုံကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၄၁ ဦးနဲ့ မြန်မာနိုင်ငံသား ၉၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။