မိုင်းရူပ၊ စက်တင်ဘာ ၂၇ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ်ဟာ ၎င်းတို့ လက်လွှတ်ထားရတဲ့ ကျောက်မဲမြို့ကို ပြန်ရဖို့ အပြင်းအထန် ထိုးစစ်ဆင်နေပြီး ကျောက်မဲမြို့နဲ့ ၅ မိုင်ဝန်းကျင်အကွာ စခန်းသာကျေးရွာဘက် ရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
မနေ့ စက်တင်ဘာ ၂၆ ရက်အထိ စစ်တပ်ဟာ နောင်ချို-ကျောက်မဲ လမ်းမကြီးပေါ်ရှိ စခန်းသာရွာမှာ ရောက်ရှိနေပြီး စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။
“စခန်းသာရွာကို စစ်ကောင်စီက အကုန်နီးပါး ထိန်းချုပ်ပြီလို့ ပြောလို့ရတယ်။ အခု တိုက်ပွဲက ဆက်ပြင်းထန်နေတယ်။ ဒီနေ့ နေ့လယ် မိုင်းတင်းကျေးရွာအနီးတစ်ဝိုက်ကို Y-12 လေယာဉ်နဲ့ ဗုံးဆက်တိုက် ကြဲနေတယ်” လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ဟာ စခန်းသာရွာကို ပြန်ထိန်းချုပ်ပြီးနောက် စခန်းသာကနေ ကျောက်မဲ-မိုးကုတ်ဘက်သွားတဲ့ မိုင်းတင်းရွာဘက်ကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားရာ အနီးတစ်ဝိုက်ကို ဂျက်လေယာဉ်နဲ့ Y-12 လေယာဉ် အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီနေ့ နေ့လယ်ပိုင်းမှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် ပန်းသပြေရွာ ဘုန်းကြီးကျောင်းကိုလည်း လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
မနေ့ စက်တင်ဘာ ၂၆ ရက်မှာလည်း ကျောက်မဲမြို့အနီး ပါပုတ်ရွာထဲ စစ်တပ်က ဒရုန်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
ကျောက်မဲမြို့နယ်ထဲ စစ်တပ်နဲ့ TNLA အကြား တိုက်ပွဲ ပြင်းထန်နေတာ တစ်လကျော်ကြာ ရှိနေပြီဖြစ်ပြီး TNLA ဘက်ကလည်း ကျောက်မဲမြို့ လက်မလွှတ်ရရေး ဆက်လက် ခုခံနေဆဲဖြစ်ပြီး ခံစစ်တွေ အဆင့်ဆင့် ပြင်ထားတယ်လို့ ရှေ့တန်းမှာ ရှိသူတွေက ပြောဆိုပါတယ်။
ကျောက်မဲမြို့ပေါ်မှာတော့ မြို့ခံအားလုံးနီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။