ပို့လဘား၊ စက်တင်ဘာ ၁၁ ရက်၊ မူဆယ်
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ် အတက်အဆင်း ဆက်တိုက်လုပ်နေတယ်လို့ သိရှိရပါတယ်။
စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ပထမအပတ်အတွင်းမှာပင် မူဆယ်မြို့ဘက်ကို ရဟတ်ယာဉ်နဲ့ ၃ ကြိမ်ထက်မနည်း လူဆက်တိုက်ပို့ဆောင်နေတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“သူတို့လူလာလဲတာပါ။ ဒီလဆို သူတို့ ၃ခါလာနေပြီ။ လေယာဉ်နဲ့ လူလာကြိုလိုက် လာပို့လိုက်နဲ့ ဌာနဆိုင််ရာက လူတွေ လဲတယ်လို့ ကြားတာပဲ။ အရင်က ဒီမှာ လုပ်တဲ့ခရိုင်မှူးတွေက ထွက်သွားပြီ။ အခုလူအသစ်ပြောင်းလာတယ်။ မြို့နယ်မှူးတွေရောပဲ။ သူတို့ ၆ လတစ်ခါ လူလဲတာ” လို့ ပြောပါတယ်။
နောက်ထပ်ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စက်ပစ္စည်းတွေကို ရဟတ်ယာဉ်နဲ့ လာပို့ပေးနေတာ ဖြစ်တယ်လို့ ရွှေဖီမြေကို ပြောပါတယ်။
“ဌာနဆိုင်ရာက လူလာလဲတာ တစ်ခါလာရင် ၁၀ ယောက်ကျော်တယ်။ သူတို့လာခေါ်သွားတာ။ ပြီးတော့ မဲရွေးဖို့အတွက် စက်တွေ ဒီဂျစ်တယ်စက်တွေ မဲရုံအတွက် စက်ခလုတ်တွေ လာပို့တာကြားတယ်။ ၃ ရက်လား ၄ ရက်လားမသိဘူး။ သူတို့ဆက်တိုက်လာတာ” လို့ ဆိုပါတယ်။
စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ ပထမပိုင်းကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး ရွေးကောက်ပွဲပထမပိုင်းမှာ ရှမ်းမြောက်က ဖြစ်တဲ့ မူဆယ်မြို့လည်း ပါဝင်ထားတာတွေ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မူဆယ်မြို့နယ်ဘက်ကနေ တအာင်းမတော် PSLF/ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။