မိုင်းအရှိုင်း၊ စက်တင်ဘာ ၂၁ ရက်၊ ကျောက်မဲ
တအာင်းတပ် PSLF/ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ထဲမှာ စစ်ကောင်စီတပ်ဖက်က သတင်းပေးတွေ အများအပြားလွှတ်လာနေပြီး အဲဒီသတင်းပေးတွေကို တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးနေတယ်လို့ TNLA ရဲ့ အုပ်ချုပ်ရေး သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
“လူတိုင်းကို ဖမ်းဆီးပြီး စစ်ဆေးတာတော့ မဟုတ်ပါဘူး။ ဒလန်တွေ ရောက်ရှိနေတယ်လို့ ပွိုင့်ရတဲ့နေရာ ရပ်ကွက်တွေမှာ ကျနော်တို့ ဝင်ရောက်ဖမ်းဆီးနေတာမျိုးတွေ ရှိတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖက်က လွှတ်လာတဲ့ သတင်းပေးတွေကို TNLA တပ်ဖက်က လိုက်လံဖမ်းဆီးရာမှာ စစ်ကောင်စီ သတင်းပေးမဟုတ်တဲ့ ဒေသခံတွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ TNLA ရဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက “အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိဘူးပေါ့နော်။ လူ့အခွင့်အရေးကို ချိုးဖောက်ပြီးတော့မှ သူတို့ကို စစ်ဆေးရိုက်နှက်တာမျိုးတော့ မရှိဘူး။ ကျနော်တို့ ၂၄ နာရီ ခေါ်ယူစစ်ဆေးတာပေါ့။ တကယ်လို့ အပြစ်မရှိရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို ပြန်လည်လွှဲအပ်လိုက်တယ်” လို့ ဆိုပါတယ်။
စစ်ဆေးပြီးနောက် စစ်ကောင်စီတပ်နဲ့ ဆက်စပ်မှုရှိသူတွေကို အရေးယူသွားမှာဖြစ်ပြီး စစ်ကောင်စီရဲ့ သတင်းပေးတချို့ကို ဖမ်းဆီးရမိတာလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ တပ်ဖွဲ့ဝင်ဟောင်းနဲ့ စစ်တပ်မိသားစုဝင်တွေကို အဓိက စစ်ဆေးနေပြီး ကလေးပါတဲ့ သူတွေကို အမြန်ဆုံးစစ်ဆေးကာ ပြန်လွှတ်ပေးတာရှိသလို သက်ကြီးရွယ်အိုနဲ့ နားမကျန်းဖြစ်နေတဲ့သူတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေထံ ချက်ချင်း ပြန်လွှဲပြောင်းပေးနေတယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့ကို သိမ်းသိမ်နိုင်ဖို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် ၎င်းတပ်နဲ့ TNLA တပ်အကြား တိုက်ပွဲပြင်းထန်နေသလို လက်ရှိမှာ စစ်ကောင်စီတပ်က မြို့နဲ့ ၁၀ မိုအကွာအဝေးမှာ ရောက်လာပြီလို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။