မိုင်းရူပ၊ သြဂုတ် ၂၉ ရက်
နောင်ချိုနဲ့ ကျောက်မဲမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဂုတ်ထိပ်တံတားနဲ့ ဂုတ်တွင်းလမ်းပိုင်းကို စစ်ကောင်စီပြန်ထိန်းချုပ်ပြီး ထောက်ပို့လမ်းကြောင်း ပွင့်ဖို့ ဂုတ်တွင်း တံတားအမြန်ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဂုတ်ထိပ်တံတား၊ ဂုတ်ထိပ်ရှုခင်းသာကို ပြန်သိမ်းနိုင်တယ်ဆိုပြီး စစ်ကောင်စီဘက်က ဒီနေ့ သြဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ထားကာ ဂုတ်တွင်းတံတားကိုလည်း ပြန်လည်ပြုပြင်နေတာ တွေ့ရပါတယ်။
ဂုတ်တွင်းလမ်းပိုင်းကို စစ်တပ်ဘက်က ပြန်ထိန်းချုပ်နိုင်ခဲ့တာကြောင့် နောင်ချို- ကျောက်မဲလမ်းပိုင်းမှာစစ်ကောင်စီအတွက် ထောက်ပို့လမ်းကြောင်း လွယ်ကူသွားနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။
စစ်ကောင်စီတပ်ဟာ SSPP ထိန်းချုပ်ထားတဲ့ ထန်းတပင်ရွာအောက်က ကူးဖြတ်လာခဲ့တဲ့ ချောင်းကိုလည်း ဓာတ်ပုံနဲ့တကွထုတ်ပြန်ခဲ့ပါတယ်။
နောင်ပိန်ကျေးရွာနဲ့ ပင်တိန်ကျေးရွာမှာတော့ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- TNLA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ပြီး တအာင်းတပ်ဘက်က စစ်တပ်ရဲ့ ထိုးစစ်ကို အပြင်းအထန် ခုခံနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ်ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ပေမဲ့ ဆွေးနွေးမှုအဖြေရလဒ်မထွက်ဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါကြောင့် ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ပြီး လူထုတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ တော်လှန်ရေးတပ်တွေဘက်က သတိပေးနေကြပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။