မြတ်နိုး၊ ဩဂုတ် ၁၂၊ ဗန်းမော်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အမြောက်တပ်(အမတ) ၃၆၆ နဲ့ လေယာဉ်ကွင်းကို ဒီရက်ပိုင်းအတွင်း ကချင်တပ်မတော်-KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်ဆုတ်ပေးထားလိုက်ရကြောင်း ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“အမတ ၃၆၆ က ဆုတ်ထားပေးလိုက်ရတယ်။ လေယာဉ်ကွင်းလည်း ဆုတ်ထားတယ်၊ အကုန်လုံးတော့ မဟုတ်ဘူးလို့ ပြောတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်း၊ ဒရုန်းအများအပြားနဲ့ အလွန်အကျွံ ပစ်ခတ် ဗုံးကြဲပြီး လက်နက်အင်အား ကွာဟမှုရှိလို့ ဆုတ်လိုက်တာလို့ ဆိုပါတယ်။
“အမတ ၃၆၆ က စကခ ၂၁ တပ်ရင်း နဲ့ ကပ်လျက်ပါ။ စကခ ၂၁ တပ်က ပစ္စည်းတွေ၊ အထုပ်အပိုးတွေ ကျန် တပ်ရင်းတွေဆီ မရောက်နိုင်သေးပါဘူး” လို့ ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ဒရုန်းနဲ့ လေယာဉ်က ကြဲချတဲ့ ဗုံးတွေ တောင့်ခံထားဖို့ မဖြစ်နိုင်တဲ့အဆုံး နောက်ပြန်ဆုတ်ပေးလိုက်ရတာလို့ဆိုပါတယ်။
အခုဩဂုတ်လ လဆန်းပိုင်းက စစ်တပ်ရဲ့စစ်သင်္ဘောတွေ ဗန်းမော်ကို ဆိုက်ရောက်လာပြီးနောက် စစ်တပ်ဘက်က တန်ပြန်ထိုးစစ်ဆင်လာကာ ဗန်းမော်မှာ နေ့တိုင်းနီးပါး တိုက်ပွဲ ပြန်လည် ပြင်းထန်လာတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။