မိုင်းအရှိုင်း၊ ဇူလိုင် ၉ ရက်၊ နောင်ချို
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ရှိ ၆၀၆ ဒုံးတပ်အနီးရှိ နမ့်ဆောင်ဟူးကျေးရွာကို စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေရောက်ရှိလာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို အတည်ပြုပြောဆိုပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာလည်း “နမ်ဆောင်ဟူး၊ဒုံး ၆ဝ၆ အကုန်ပြန်သိမ်း” လို့ ဒီကနေ့ ဇူလိုင် ၉ ရက် မနက်အစောပိုင်းမှာ ရေးသားဖော်ပြနေကြပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၆၀၆ ဒုံးတပ်ရင်းဟာ နမ့်ဆောင်ဟူးကျေးရွာနဲ့ ကပ်လျက်တည်ရှိပြီး နောင်ချိုမြို့နဲ့ ၃ မိုင်ခန့်သာ ကွာဝေးသလို စစ်ကောင်စီတပ်တွေက အဲကျေးရွာထဲ ရောက်ရှိလာပြီဖြစ်ပါတယ်။
TNLA ရဲ့ ထုတ်ပြန်ချက်အရ မနေ့ ဇူလိုင် ၈ ရက် တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်ရာမှာ လက်နက်ကြီး ၁၂၇ လုံးနဲ့ ဒရုန်းကနေ ဗုံး ၄၂ လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေဟာ အုမ္မတီးဘက်ကနေ ကျောက်ကြမ်း၊ တောင်ခမ်းဘက်ကနေ နမ့်ဆောင်းဟူး ကျေးရွာသို့ ရောက်ရှိလာပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ အင်အားအလုံးအရင်းနဲ့ နောင်ချိုမြို့ကို ထိုးစစ်ဆင်နေပေမယ့် တအာင်းတပ်ဘက်ကတော့ နောင်ချိုမြို့ကို လက်လွှတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။