ပို့လဘား၊ ဇူလိုင် ၂၄ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ နမ့်ခမ်းမြို့လမ်းဘက်နဲ့ ၁၀၅ မိုင်လမ်းဘက်က မြို့အဝင်အထွက်တွေကို စစ်ကောင်စီတပ်က စစ်ဆေးရေး ပိုမိုတင်းကြပ်လာတယ်လို့ စုံစမ်းသိရှိရပါတယ်။
တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းထိန်းချုပ်ထားတဲ့ ၁၀၅ မိုင်ဘက်ကနေ မူဆယ်မြို့ဘက် လာတဲ့သူတွေကို စစ်ကောင်စီတပ်က မြို့အဝင်အထွက်တွေမှာ ဒီရက်ပိုင်း စစ်ဆေးရေး တင်းကြပ်လာနေတာလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
“ပန်ခမ်းတံတားနဲ့ လွယ်ဆုတောင်းမှာသူတို့စစ်တာ။ လွယ်ဆုတောင်းမှာဆို သူတို့ပိုစစ်တယ်။ ဘယ်သွားမှာလဲ။ ဘယ်ကလာတာလဲ။ ရွာပြန်မလို့လား။ ဘာအလုပ်ရှိလဲဆိုပြီးမေးတယ်။ ပြီးတော့ ကျနော်တို့မှတ်ပုံတင်တောင်းကြည့်တယ်။ ပြီးရင်ဖုန်းယူစစ်တယ်။ ကျနော်တို့ကို စစ်ပြီး ကားထဲမဝင်ခိုင်းသေးဘူး။ အပြင်မှာ အကြာကြီးထိုင်ခိုင်းတယ်” လို့ နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် နမ့်ခမ်းမြို့ကနေ မူဆယ်မြို့ဘက် တက်သွားတဲ့ လူငယ်တွေကိုလည်း စစ်ကောင်စီတပ်က မကြာခဏ ဖမ်းဆီးထားတာရှိသလို အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေတာတွေလည်း ရှိတယ်လို့ နမ့်ခမ်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“မူဆယ်တက်သွားတဲ့ နမ့်ခမ်းက ကောင်လေးတစ်ယောက်လည်း အခုချိန်ထိ အဆက်အသွယ်မရသေးဘူး။ သူတက်သွားတာ ၁၀ ရက်ရှိပြီထင်တယ်။ အခုတလော လူပျောက်တာတွေ ဖမ်းဆီးခံရတာတွေ ခဏခဏကြားနေရတယ်။ နမ့်ခမ်းဘက်နဲ့ ၁၀၅ မိုင်ဘက်ကနေ မူဆယ်ဘက်သွားရင် သူတို့အရမ်းစစ်တယ်။ မူဆယ်ကနေ ဒီဘက် ပြန်လာရင်တော့ အဲလောက်မစစ်ဘူး”လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်ကစပြီး မူဆယ်မြို့အထွက် ပန်ခမ်းဂိတ်မှာ စစ်ကောင်စီတပ်က နမ့်ခမ်းဘက်ကို စားသောက်ကုန်၊ စက်ပစ္စည်းနဲ့ ကုန်ပစ္စည်းတချို့ကို သယ်ယူခွင့်မပြုဘဲ တင်းတင်းကြပ်ကြပ်စစ်ဆေးနေတာတွေ ပြုလုပ်နေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။