မိုင်းဖိူမ်းဆငဲ၊ ဒီဇင်ဘာ ၃ ရက်၊ နောင်ချို
ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“နောင်ချိုမှာ စစ်ကောင်စီက စစ်ကောက်ဖို့ ပြင်ဆင်နေတယ်။ ရွာအလိုက်၊ လူဦးရေ အလိုက် ကောက်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၂ ရက်မှာတော့ နောင်တောနဲ့ လက်ပံကုန်းကျေးရွာတွေမှာ ဝင်ခဲ့တာဖြစ်ပြီး အနည်းဆုံး တပ်သား ၃ ယောက်ကနေ ၅ ယောက်အထိ ပေးဖို့ ဖိအားပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“သူတို့ ရွာထဲဝင်လာပြီး တစ်ရွာကို ၃ ယောက်နှုန်း ၅ ယောက်နှုန်း ကောက်မယ်လို့ပဲ ပြောသေးတယ်။ မလုပ်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် ပြောတာတော့ မရှိသေးဘူး။ ဒါပေမယ့် မဖြစ်မနေ ထည့်ကို ထည့်ရမယ်လို့တော့ ပြောတယ်”
စစ်ကောင်စီတပ်ဟာ တအာင်းတပ် – TNLA ထိန်းချုပ်ခဲ့တဲ့ နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး ၄ လအကြာမှာပဲ အခုလို စစ်မှုထမ်းဖို့ တပ်သားတွေ စတင်ခေါ်ယူနေတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။