မိုင်းရူပ၊ နိုဝင်ဘာ ၂၃ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုး- တန့်ယန်းလမ်းခွဲ ဟိုယရွာမှာ တရုတ်ကုန်ပစ္စည်း တင်တဲ့ကားတွေကို စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မနေ့ နိုဝင်ဘာ ၂၂ ရက်ကစပြီး တရုတ်- မြန်မာနယ်စပ်ဘက်ကနေ တရုတ်ကုန်ပစ္စည်းတင်ဆောင်လာတဲ့ ကုန်ကားတွေကို ဟိုယရွာမှာရှိတဲ့ စစ်ကောင်စီတပ်ကစစ်ဆေးတင်းကြပ်နေပြီး ဒီနေ့ နိုဝင်ဘာ ၂၃ ရက်အထိ ဖြတ်သန်းသွာလာခွင့် မပေးသေးဘူးလို့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ပစ္စည်းတော့ မသိမ်းဘူး။ တရုတ်ကုန်ဆို ပြန်လှည့်ခိုင်းတယ်။ ကျနော်သူငယ်ချင်းတောင် ပြန်လှည့်ပြန်ရတာ။ စကစက တရုတ်ကြား ကုန်စည်ပြဿနာတက်နေတာ ထင်တယ်” လို့ ဆိုပါတယ်။
နောက်ထပ်သတင်းအရင်းမြစ်တစ်ဦးကလည်း ဒီနေ့အချိန် စစ်ကောင်စီဘက်က ဖြတ်သန်းခွင့်မပေးတာကြောင့် ဟိုယရွာထဲမှာ ကားဆယ်နဲ့ချီ ပိတ်မိနေတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ မူဆယ်မြို့ပေါ်ရှိ တရုတ်- မြန်မာနယ်စပ်တချို့ကိုသာ ထိန်းချုပ်ထားပြီး ၁၀၅မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် ချင်းရွှေဟော်နယ်စပ်ဂိတ်တွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိန်းချုပ်ထားတာ ဖြစ်ပါတတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ်ထားတဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်ပေးနေပြီး ကုန်ပစ္စည်းတချို့ ပြန်လည်ကုန်သွယ်ခွင့် ပြုခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။