ပို့လဘား၊ မေလ ၅ ရက်၊ မူဆယ်
တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာရှိတဲ့ ဆင်ဖြူပေါက်ဂိတ်မှာ တရုတ်ပြည်ဘက်သွားမဲ့ မြန်မာနိုင်ငံက အိမ်စီးကားတွေကို စစ်ကောင်စီတပ်ဘက်က သွားလာခွင့်ပိတ်ပင်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်ကစပြီး စစ်ကောင်စီတပ်ဟာ မူဆယ်မြို့မှာရှိတဲ့ ဆင်ဖြူဂိတ်ကနေ တရုတ်ပြည်ဘက်သွားတဲ့ တရုတ်အိမ်စီးကားတွေကိုသာ သွားလာခွင့်ပြုပြီး မြန်မာနိုင်ငံသားတွေရဲ့ အိမ်စီးကားတွေကိုတော့ သွားလာပိတ်ပင်ခဲ့တယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“တရုတ်ဘက်က ဘာမှမပြောဘူး။ မြန်မာဘက်ကပဲ သူတို့ဖွင့်ချင်ဖွင့်မယ်။ ပိတ်ချင်ပိတ်မယ်။ သူ့တို့လက်ထဲမှာပဲ အကြောင်းပြချက်ကမရှိသလောက်ရှားတယ်။ ဘာအကြောင်းပြချက်မှမရှိဘူး။ တရုတ်တွေကျတော့ သူတို့ဘာမှမပြောဘူး။ ဝင်ချင်သလိုဝင်တယ်။ပစ္စည်းတင်လာတယ်။ ဆီသယ်လာပြီးတော့ မြန်မာဘက်မှာလာရောင်းတယ်။ အဲဟာကျတော့ သူတို့လုပ်လို့ရတယ်။ မြန်မာနိုင်ငံသားတွေကျတော့ အဲလိုလုပ်ခွင့်မပေးထားဘူး”
မူဆယ် ဆင်ဖြူပေါက်ဂိတ်မှာ ကုန်တင်တဲ့ပစ္စည်းနဲ့ ကုန်တင်တဲ့ဆိုင်ကယ်တွေကိုသာ ဖြတ်သန်းခွင့်ပေးပြီး အိမ်စီးကားတွေကိုတော့ သွားလာခွင့်ပိတ်ပင်ထားခဲ့တယ်လို့ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။
“ကုန်တင်တဲ့ကားတွေဆို သူတို့စာရင်းယူထားတာရှိတယ်။ ကုန်ပစ္စည်းတွေ ဆိုင်ကယ်တွေ တင်လာတဲ့ကုန်တွေဆို သူတို့မပိတ်ဘူး။ သူတို့ကို တစ်လ ဘယ်နှစ်ရက် အဲလိုမျိုးပေးဝင်တယ်။ ဆီဝင်ဖြည့်တဲ့ကားတွေဆို သူတို့ဝင်ခွင့်မပေးတော့ဘူး။ ဒီဘက်မှာပဲ ဖြည့်ရမယ်”
ဒါ့အပြင် မူဆယ်မြို့ မန့်ဝိန်းဂိတ်မှာလည်း အိမ်ဆောက်ပစ္စည်း၊ ဆီနဲ့ ဘိလပ်မြေတို့ကိုသာ သယ်ယူခွင့်ပေးပြီး တခြားပစ္စည်းတွေကိုတော့ သယ်ယူခွင့်မရသေးဘူးလို့ အထက်ပါ အမျိုးသားကပြောပါတယ်။
တရုတ်ဘက်ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဆင်ဖြူဂိတ်မှာရှိတဲ့ လဝကတွေက သိမ်းဆည်းထားပြီး ငွေနဲ့ပြန်ရွေးခိုင်းတာရှိသလို ကုန်သည်နဲ့ ကားတွေကိုလည်း စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးပြီး ငွေသိန်းချီနဲ့ ပြန်ရွေးယူခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးပါတယ်။