မြတ်နိုး၊ ဧပြီ ၃၀ ရက်၊ ဗန်းမော်
ကချင်ပြည်နယ် ဗန်းမော်တိုက်ပွဲမှာ မနေ့ ဧပြီ ၂၉ ရက်နဲ့ ဒီနေ့ ၃၀ ရက်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ မရေမတွက်နိုင်အောင် ဗုံးကြဲတိုက်ခိုက်နေကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“သိမ်တော်ကြီးဝင်းဘက် သိမ်းရပြီလို့ ကြားတယ်။ စကခ ၂၁ ဝင်းထဲ ဗဟိုကင်းနားလည်း တိုက်ပွဲ ပြင်းထန်နေတော့ စစ်ကောင်စီတွေ လေကြောင်းနဲ့ အပြင်းအထန် ဗုံးကြဲနေတာ” လို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဗန်းမော်ထိုးစစ် အရင်ကထက် ပြင်းထန်လာတာကြောင့် စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ မရေမတွက်နိုင်အောင် ဗုံးလာကြဲနေတယ်လို့ သူက ပြောပါတယ်။
စကခ ၂၁ နဲ့ ခလရ ၄၇ ဘက်အပြင် မြို့တွင်းထဲ နေရာ ၉ နေရာခန့် တိုက်ပွဲ ဖြစ်နေတာ ဖြစ်ပါတယ်။
“မနေ့က မနက်ပိုင်းကတည်းက ဗန်းမော်မြို့ထဲ မီးလောင်နေတာ ဒီမနက် မိုးလင်းခါနီးအထိ လောင်နေတယ်။ စစ်ကောင်စီဘက်က လေကြောင်းနဲ့ရော ဒရုန်းနဲ့ရော ဗုံးကြဲလို့ လောင်တာ” လို့ နောက်ထပ် ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးကလည်း ပြောပါတယ်။
စစ်တပ်ဘက်ကတော့ တပ်မိသားစုဝင်နဲ့ ထောင်သားတွေကိုပါ သေနတ်ကိုင်နိုင်သူအားလုံးကို ခေါ်တိုက်နေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
ဗန်းမော်တိုက်ပွဲ ၅ လကျော်ကာလအတွင်း စစ်တပ်ဘက်က တစ်ယောက်စ၊ နှစ်ယောက်စ ထွက်ပြေးလာသူတွေကို တော်လှန်ရေးတပ်ဘက်က ဖမ်းမိထားတာ အယောက် ၂၀၀ ခန့် ရှိနိုင်ပြီလို့ သူက ဆက်ပြောပြပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့ လော်ဘီတွေကတော့ ဗန်းမော် အမှတ် ၃ အထက်တန်းကျောင်းဘက်က ကာကင်း ကျသွားပြီဖြစ်ပြီး စကခ ၂၁ ရဲ့ ဗဟိုကင်းဘက်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ရောက်လာတာကြောင့် လေကြောင်းနဲ့ ပစ်ကူနေရတယ်လို့ တယ်လီဂရမ်မှာ ရေးသားဖော်ပြထားပါတယ်။
ဗန်းမော်ကို ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ ကတည်းက KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။