ပို့လဘား၊ မေလ ၂၁ ရက်၊ နောင်ချို
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ဟိုခိုကျေးရွာကို စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
မနေ့ မေလ ၂၀ ရက် ညနေ ၄ နာရီအချိန်မှာ စစ်ကောင်စီတပ်က ဟိုခိုကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက “မနေ့ ညနေ လေယာဉ်နဲ့ လာပစ်တယ်။ ပေါင် ၂၅၀ နဲ့လာချတာ။ နေအိမ်တစ်လုံးထိတယ်။ လူထိခိုက်တာတွေတော့ မရှိဘူး”လို့ ပြောပါတယ်။
ဒါ့အပြင် မေလ ၁၈ ရက်ကလည်း နောင်ချိုမြို့နယ် ရတနာသိင်္ဂီကျေးရွာကို စစ်ကောင်စီတပ်က ပေါင်၂၅၀နဲ့ ဗုံး ၆ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက်ကလည်း နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ စနိုက်ဘာသမားက ချောင်းမြောင်းပစ်ခတ်ခဲ့လို့ စစ်ရှောင်တစ်ဦး သေဆုံးခဲ့ရပါတယ်။
စစ်တပ်ဟာ မေလကုန်အထိ အပစ်ရပ်ကြောင်း ကြေညာထားပေမဲ့ TNLA ထိန်းချုပ်ထားတဲ့ဒေသကို လေကြောင်း၊ လက်နက်ကြီး နဲ့ ဒရုန်းအသုံးပြုပြီး ပစ်ခတ်နေတာတွေ ပြုလုပ်နေတာကြောင့် လူထုတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ TNLA က တိုက်တွန်းထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။