မိုင်းရူပ၊ သြဂုတ် ၅ ရက်၊ နောင်ချို
နောင်ချိုကနေ တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နယ်ဘက်သို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အရင်က စစ်တပ်ရဲ့ ရဲဘက်အကျဥ်းစခန်းတွေရှိတဲ့ ဟိုခိုကျေးရွာအထိ ရောက်ရှိလာတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
နောင်ချိုမြို့နယ် ဟိုခိုကျေးရွာထဲကို မနေ့ သြဂုတ် ၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာ စစ်တပ်စစ်ကြောင်းက ဝင်ရောက်နိုင်ခဲ့ပြီး ဟိုခိုရဲဘက်အကျဥ်းစခန်းကိုလည်း စစ်တပ်ဘက်က ပြန်ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
“ဟိုခိုကို ည ၆ နာရီလောက်မှာရသွားတာ။ ဟိုခို ရဲဘက်အကျဥ်းစခန်းကိုလည်း စစ်တပ်ပြန်ရသွားတာ။ အခုလောလောဆယ်တော့ TNLA ဘက်က ဟိုခိုရွာအပြင်အထိ ဆုတ်ထားရတယ်” လို့ ရှေ့တန်းစစ်ရေးသတင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဟိုခိုကျေးရွာဟာ လူဦးရေ ၅၀၀၀ ကျော်နေထိုင်တဲ့ ကျေးရွာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးထဲမှာ တအာင်းတပ်နဲ့ ပူးပေါင်းတွေဘက်က တိုက်ခိုက်သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ စစ်တပ်ရဲ့ ထိုးစစ်ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ခုခံကာကွယ်ဖို့ ပြင်ဆင်ထားတယ်လို့ မနေ့က သြဂုတ် ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
စစ်တပ်ထောက်ခံတဲ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ ဟိုခိုရဲဘက်အကျဥ်းစခန်းကို စစ်တပ်ဘက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်တပ်ထံ ပြန်လည်လက်လွှတ်ခဲ့ရပြီးနောက် မိုးကုတ်ဘက်ကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။