ဓာတ်ပုံ – CJ

မိုင်းရူပ၊ မေလ ၂၀ ရက်၊ ကျောက်မဲ

ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းလုံမြို့ ပန်ဝိုးကျေးရွာအုပ်စုထဲမှာရှိတဲ့ တရုတ်ကုမ္ပဏီပိုင် သတ္တုတွင်းကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယွမ်ငွေ ၁၇ သိန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက် ည ၁၂ နာရီခွဲမှာ ပန်ဝိုးကျေးရွာအုပ်စုထဲမှာရှိတဲ့ တရုတ်နိုင်ငံပိုင် သတ္တုတွင်းကို စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်ရုံထဲမှာရှိတဲ့ ဘိုဒိုဇာအပါအဝင် ကုမ္ပဏီအတွင်းရှိ ပစ္စည်းတွေ မီးလောင်ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုး တရုတ်ငွေယွမ် ၁၇ သိန်းနီးပါး (သိန်း ၁ သောင်းဝန်းကျင်) ဆုံးရှုံးခဲ့တယ်လို့ ဒီဖြစ်ကို သိရှိထားတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တရုတ်တွေ လာလုပ်တာပေါ့။ သတ္တုက စထုတ်နေတုန်းပဲ ရှိသေးတာ။ ပို့တော့ မပို့ရသေးဘူး။ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ လာကြဲသွားတာ” လို့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စက်ရုံထဲ နေထိုင်သူတွေက တိမ်းရှောင်နိုင်တာကြောင့် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာတော့ လူထိခိုက်သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။

မိုင်းလုံမြို့ဟာ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နေရာဖြစ်ပြီး အခု တရုတ်ကုမ္ပဏီ ဗုံးကြဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တအာင်းတပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဧပြီလကုန်မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲ ပျက်ပြီးနောက် စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မန်တုံ၊ မိုးကုတ်နဲ့ မိုင်းငေါ့ စတဲ့နေရာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး အရပ်သားသေဆုံးမှုတွေလည်း ဆက်ရှိနေပါတယ်။

မေလ ၁၈ ရက်မှာလည်း ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာမှာ စစ်ကောင်စီတပ်က စနိုက်ဘာနဲ့ ပစ်ခတ်တာကြောင့် စစ်ရှောင်အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ မေလကုန်အထိ အပစ်ရပ်ကြောင်း ထုတ်ပြန်ထားပေမဲ့ TNLA ထိန်းချုပ်ဒေသကို လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် လူထုတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ကို TNLA က တိုက်တွန်းထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။