မိုင်းရူပ၊ သြဂုတ် ၁၈ ရက်၊ နောင်ချို
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နယ်ထဲ ထိုးစစ်ဆင်ဖို့ ကြိုးစားနေတဲ့ စစ်တပ် စစ်ကြောင်းဟာ နောင်ချိုနဲ့ မိုးကုတ်လမ်းပေါ်ရှိ လုံခဲနဲ့နာခါးရွာကြား ရောက်နေပြီး တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။
“တိုက်ပွဲက ဆက်ဖြစ်နေတယ်။ အခု စစ်တပ်က နားခါးနဲ့ လုံခဲရွာကြား ဘုရားကုန်းမှာဘဲ ရှိသေးတယ်း။ ဆက်ထိုးနိုင်တာတော့ မရှိသေးဘူး။ လုံခဲ၊ နားခါးက ဒိုးပင်ရွာအကျော်မှာ ရှိတယ်” လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
TNLA တပ်ဘက်ကလည်း မိုးကုတ်ကို ဦးတည်နေတဲ့ စစ်တပ်ရဲ့ထိုးစစ်ကို ခုခံဖို့ အသင့်ပြင်ထားပြီး စစ်တပ်ကို ထိုးစစ် ပြန်လုပ်ဖို့ ရှိမရှိ ပြောလို့မရသေးကြောင်း ၎င်းက ဆက်ပြောပါတယ်။
စစ်တပ်ဟာ နောင်ချိုကို ပြန်ထိန်းချုပ်ပြီးနောက် နောင်ချို-မိုးကုတ်လမ်းပိုင်းရှိ TNLA ထိန်းချုပ်ထားတဲ့ နေရာတွေကို ဆက်တိုက် ထိုးစစ်ဆင် တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ စစ်တပ်ဘက်က နောင်ချို-မိုးကုတ်လမ်းပေါ်ရှိ ကျေးရွာတွေကို ဆက်တိုက် ထိုးစစ်ဆင်နေဆဲဖြစ်ပြီး ဆမ္မဆယ်၊ သုံးဆယ်၊ ဟိုခိုနဲ့ ဒိုးပင် စတဲ့ကျေးရွာကြီးတွေကို ဆက်တိုက် သိမ်းယူနေပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ၁ နှစ်အကြာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ စစ်တပ်ထံ ပြန်လည် လက်လွှတ်ခဲ့ရပါတယ်။
တစ်ဖက်မှာလည်း လာမယ့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်တပ်နဲ့ TNLA တို့အကြား တရုတ်နိုင်ငံမှာ ကူမင်းမြို့မှာ တွေ့ဆုံမယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။