ယာရူစိင်၊ ဧပြီ ၈ ရက်၊ လားရှိုး
ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားတဲ့ သာသနာ့အဆောက်အဦးအပါအဝင် အဆောက်အဦးတစ်လုံးကို ကျပ်သိန်း ၅၀ နှုန်းနဲ့ အဆောက်အဦးပေါင်း ၃၀၉ အိမ်အတွက် ငွေကျပ်သိန်းတစ်သောင်းကျော်ကို မနေ့ ဧပြီ ၇ ရက် မနက်ပိုင်း ၁၀ နာရီအချိန်မှာ ထောက်ပံ့ပေးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
ထောက်ပံ့ကြေးထုတ်ဖို့ စာရင်းပါထားပေမဲ့ ထောက်ပံ့ငွေ မရသေးတဲ့သူတွေအနေနဲ့ လားရှိုးမြို့ ရပ်ကွက် ၁ မှာ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနဲ့ နယ်မြေမှူးရဲ့ ထောက်ခံချက်နဲ့ သွားရောက် ထုတ်ယူလို့ရတယ်လို့ ဆိုပါတယ်။
“တချို့ကျတော့ အဝေးရောက်နေတာဆိုတော့ ချက်ချင်းလာမထုတ်နိုင်ဘူး။ အိမ်တွေက အများကြီးပျက်ပေမဲ့ အဓိကတော့ ပျက်စီးသွားတဲ့အိမ် ၃၀၉ လုံးကိုဘဲ အရင်ဆုံး ထောက်ပံ့ပေးတာပါ။ အိမ်ရှင်တွေကိုယ်တိုင်ကပဲ လာယူရတာပါ။ သိန်း ၅၀ က အရမ်းမများပေမဲ့ အသက်ရှင်နိုင်အောင်ပေါ့။ ပြန်လည်ထူထောင်ရေးပုံစံပါ”လို့ လားရှိုးမြို့အခြေအနေ သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ထောက်ပံ့ငွေတွေ ထုတ်ယူဖို့ကို ဧပြီ ၇ ရက်ကနေ လာမယ့် ဧပြီ ၁၆ ရက်အထိ လာရောက် ထုတ်ယူနိုင်တယ်လို့ ဆက်ပြောပါတယ်။
“လောလောဆယ်တော့ ကနဦးခြေလှမ်းလို့ ပြောရမှာပေါ့။ နောက်ထပ်အစီစဉ်တော့ မလာသေးဘူးလို့တော့ သိထားတယ်။ အပျက်စီးများတဲ့စာရင်းတွေကိုဘဲ သိထားတယ်။ သိပ်မပျက်စီးတဲ့ အိမ်တွေလဲ အများကြီးဆိုတော့ အိမ်ခြေဘယ်လောက်ကျန်သေးလဲဆိုတာတော့ မသိရဘူးပေါ့နော်”
လာမယ့် ဧပြီ ၂၁ ရက်မှာ MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ လွှဲပြောင်းပေးသွားမယ်လို့ သတင်း ထွက်ပေါ်နေပြီး အုပ်ချုပ်ရေးကို ဘယ်လို လုပ်ဆောင်သွားမယ်ဆိုတာ တော့ ကိုးကန့်နဲ့ စစ်ကောင်စီတို့ဘက်က တရားဝင် ထုတ်ပြန်တာ မရှိပါဘူး။