မိုင်းဖိူမ်းဆငဲ၊ နိုဝင်ဘာ ၅ ရက်၊ နမ္မတူ
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ – လားရှိုးလမ်းပိုင်းကို တာဝန်ရှိသူတွေက ပြန်လည်ပြင်ဆင်တာရှိပေမယ့် ထပ်မံပျက်စီးနေတာကြောင့် ဒေသခံတွေသွားလာရေးမှာ အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နမ္မတူမှာ ပြီးခဲ့တဲ့ စက်တင်ဘာလလယ်လောက်ကစပြီး လမ်းရဲ့ကြံ့ခိုင်မှုထက် ကျော်လွန်တဲ့ သတ္ထုကားတွေ လားရှိုးကနေအီနိုင်းရွာအထိ သွားလာတာကြောင့် လမ်းတွေ ပျက်စီးသွားခဲ့ပါတယ်။
“အရင်က တန်ချိန် ၈၀ လောက်တင်တာလေ။ မပျက်စီးဘဲ မနေဘူး။ အခုတော့ သူတို့ ပြန်လျှော့တင်နေပါပြီ” လို့ သတ္ထုသယ်တဲ့ ကိစ္စသိရှိသူတစ်ဦး ပြောပါတယ်။
အဲဒီပျက်စီးသွားတဲ့ နမ္မတူ – မန်စံလမ်းပိုင်းကို တာဝန်ရှိသူတွေက ကျောက်စရစ်၊ မြေကျောက်တွေနဲ့ ပြုပြင်ပေးခဲ့ပေမယ့် သတ္ထုတင်ကားသွားလာမှု မရပ်သေးတာကြောင့် အဲလမ်းတွေ ထပ်မံပျက်စီးသွားခဲ့ရပါတယ်။
အဲလမ်းပေါ်ကို သွားလာနေတဲ့ ဒေသခံတစ်ဦးက “နမ္မတူကနေ မန်စံလမ်းကို သူတို့ ကျောက်တွေပြန်ဖို့ပေးပါတယ်။ ဒါပေမယ့် ကားတွေပြန်သွားရင် ထပ်ပျက်မှာဘဲ။ မန်စံ – အီနိုင်းလမ်းဆို ကားသေးတွေတောင် သွားလို့မရဘူး။ ချိုင့်ခွက်တွေက တော်တော်ကို နစ်တယ်” လို့ ဆိုပါတယ်။
သက်ဆိုင်ရာက နမ္မတူ – မန်စံလမ်းပိုင်းကို တောက်လျှောက်ပြင်ဆင်တာ ရှိခဲ့ပေမယ့် မန်စံကနေ အီနိုင်းဖက် သွားတဲ့လမ်းကိုတော့ ပြန်လည်ပြုပြင်ပေးတာ မရှိသေးတာကို ရွှေဖီမြေက အောက်တိုဘာလ နောက်ပိုင်းပတ်မှာ ကွင်းဆင်းလေ့လာတွေ့ရှိရပါတယ်။
မန်စံ – အီနိုင်းလမ်း သွားလို့မရတဲ့အထိ ပျက်စီးသွားတာကြောင့် နမ့်ဆန်၊ မန်စံ ကားသမားတွေဟာ နမ္မတူ – မိုင်းရင် – အီနိုင်း လမ်းပိုင်းကို အဓိကအသုံးပြု သွားလာကြရတယ်လို့ သိရပါတယ်။
လမ်းပျက်စီးမှုအခြေအနေတွေနဲ့ ဒေသခံတွေ ချောမွေ့စွာ သွားလာနိုင်ဖို့ လမ်းပြုပြင်ပေးမှု အခြေအနေတွေကို သိရှိနိုင်ဖို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ရွှေဖီမြေက စာပို့မေးမြန်းထားဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။