လွေးထွေး၊ ဇန်နဝါရီ ၁၉ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ နောင်ချိုကြားရှိ စစ်ကောင်စီရဲ့ ဝက်ဝံရွာ စစ်ဆေးရေးဂိတ်မှာ မန္တလေးကနေ တက်လာတဲ့ ကုန်တင်ကားတွေကို ပေးမဖြတ်ဘဲ ပြန်လှည့်ခိုင်းခဲ့သလို ၁ ပတ်ခန့်ကြာ ပိတ်ထားမယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကားသမားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်က ကုန်ပစ္စည်း မတင်ထားတဲ့(ခါလီ) ၆ ဘီးယာဉ် ၅ စီးကို စစ်တပ်က ဝက်ဝံဂိတ်မှာ စစ်ဆေးမေးမြန်းပြီး လှည့်ပြန်ခိုင်းခဲ့တာ ဖြစ်ပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရသူ ကားသမားက “ခါလီဆိုရင် တက်လို့ရတယ်ပြောလို့ တက်လာတာ။ အဲနားရောက်တော့ အတော်ကြာ စစ်မေးသေးတယ်။ နောက်မှ အထက်အမိန့်အရ ပေးမဖြတ်ဘူး။ တစ်ပတ်လောက် ကြာအုံးမယ်တဲ့။ ပြန်လှည့်ပါတဲ့” ဆိုပြီး ရွှေဖီမြေကို ပြောပါတယ်။
ဒါ့အပြင် မနေ့ ဇန်နဝါရီ ၁၈ ရက်ကလည်း မန္တလေးကနေ တက်လာတဲ့ ခါလီ ကုန်တင်ကား ၂ စီးကို အဲဒီဂိတ်မှာရှိတဲ့ စစ်သားက ငွေ ၅ သိန်း တောင်းခဲ့တဲ့အပြင် မှတ်ပုံတင်နဲ့ ယာဉ်မောင်းလိုင်စင်လည်း သိမ်းယူထားတယ်လို့ အထက်ပါ အမျိုးသားက ပြောပေမဲ့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ ကားသမားတွေနဲ့ ဆက်သွယ်လို့ မရသေးတာကြောင့် အတည်မပြုနိုင်သေးပေ။
ဝက်ဝံဂိတ်မှာရှိတဲ့ စစ်သားတွေဟာ ကုန်ကားနဲ့ ခရီးသည်တင် ကားတွေကို စစ်ဆေးမေးမြန်းကာ ငွေ တောင်းတာအပြင် ဂိတ်ကိုလည်း မကြာခဏ ပိတ်တတ်ကြောင်း ကားသမားတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
အလားတူ ဝက်ဝံဂိတ်နဲ့ နာရီဝက်ဝန်းကျင်သာဝေးတဲ့ ဘန့်ဘွေးနဲ့ အင်ဝိုင်းကြားက စစ်ကောင်စီဂိတ် ၃ ဂိတ်မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က ဗျူဟာမှူးကိုယ်တိုင် ဦးဆောင်ပြီး ကြံကားတွေဆီကနေ ငွေတောင်းခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။