မိုင်းရူပ၊ မတ်လ ၁၂ ရက်၊ ဗန်းမော်
တိုက်ပွဲ ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂၁ တပ်ကို KIA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲလည်း ဆက်လက် ပြင်းထန်နေတယ်လို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။
“ဗန်းမော်တိုက်ပွဲ အခြေအနေကတော့ ဒီရက်ပိုင်းမှာ စခန်းသိမ်းနိုင်တဲ့ အနေအထားကတော့ မရှိသေးဘူး။ စကခ ၂၁ တပ်အနီးဝန်းကျင်မှာတော့ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်” ဆိုပြီး ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုပါတယ်။
ဗန်းမော်မြို့ရှိ စစ်တပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ တင့်ကားတပ်ရင်း (၅၀၁၄)၊ အမြှောက်တပ်စခန်း (၃၆၆)နဲ့ ခြေလျင်တပ်ရင်း (ခလရ ၂၃၆)အပါအဝင် တပ်စခန်း အများစုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိမှာ ဗန်းမော်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂၁ တပ်အပါအဝင် စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတချို့ ကျန်ရှိနေပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နဲ့ ၉ ရက်မှာ စကခ ၂၁ ရှိ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတချို့ကို KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီရဲ့ ဒရုန်းတချို့ကိုလည်း KIA က ပစ်ချနိုင်ခဲ့ပါတယ်။
စစ်တပ်ဘက်ကတော့ ဗန်းမော် တိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
KIA ဟာ ရှမ်းမြောက်က မဘိမ်းမြို့အပါအဝင် ကချင်ပြည်နယ်အတွင်းရှိ အထူးဒေသ(၁)နဲ့ မြို့ ၁ဝ မြို့ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။