ရွှေဖီမြေ၊ မတ်လ ၁၂ ရက်၊ မိုင်းလား
ရှမ်းအရှေ့ မိုင်းလားမြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် ကမ်းဘေးနားက ဆိုင်ခန်းပေါင်း ၁၀၀ ကျော်က ပျက်စီးခဲ့ရတယ်လို့ မိုင်းလားမြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက် မနက်ပိုင်း ၄ နာရီဝန်းကျင်မှာ မိုင်းလားမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် နမ့်ခိုက်ချောင်း ဘေးတစ်ဖက်မှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေ ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
“အဲနေ့က မိုးအရမ်းကြီးတယ်လေ။ လေတိုက်တာလည်း အရမ်းပြင်းတယ်။ အဲတာက တံတားဘက်မှာ စျေးဖက်တော့ မဟုတ်ဘူး။ ဒီတိုင်း ကမ်းဘေးတွေမှာ ဖွင့်ထားတဲ့ ဆိုင်ခန်းတွေပေါ့။ ဒဏ်ရာရတဲ့သူတွေတော့ မရှိပါဘူး။ အဲဒီနားမှာကျ ဆိုင်ခန်းတွေလည်း အများကြီးပဲလေ။ ပျက်တာက တဲနဲ့ထိုးထားတဲ့ ဆိုင်တွေ မိုးကာတွေ ရောင်းတဲ့ စားစရာကအစ လေတိုက်တော့ ပါသွားတယ်လေ”
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ခိုက်ချောင်းအနီးနားမှာ ၂၄ နာရီလုံး ဖွင့်လှစ်တဲ့ ဆိုင်တွေသာ အများဆုံး ပျက်စီးမှုဒဏ်ကို ခံခဲ့ရတယ်လို့ မိုင်းလားမြို့ခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
အလားတူ ရှမ်းအရှေ့က တာချီလိတ်မြို့မှာလည်း နှစ်စဉ်နှစ်တိုင်း မိုးရွာသွန်းမှုကြောင့် မြို့ပေါ် ရပ်ကွက်တွေမှာ ရေတက်လာပြီး ရေကြီးရေလျှံမှုနဲ့ ရေထဲ မျှောပါပြီး သေဆုံးတာတွေလည်း မကြာခဏ ဖြစ်ပွါးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။